တရုတ်ကြေးနီစီမံကိန်းအတွင်း လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲလို့ ထုတ်လုပ်ရေးလုပ်ငန်းတွေ ယာယီရပ်

1 33
1 33

မြေလတ်အသံ၊ စက်တင်ဘာ၂၈၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကြေးစင်တောင်စီမံကိန်း ကြေးနီထုတ်စီမံကိန်းလုပ်ငန်းခွင်ထဲ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲတာကြောင့် တရုတ်ကုမ္ပဏီဝမ်ပေါင်နဲ့ယန်စီရဲ့ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ကုမ္ပဏီနဲ့နီးစပ်တဲ့ ဒေသခံဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ယမန်နေ့ မနက် ၁၀ နာရီလောက်မှာ ကြေးပြားထုတ်စက်ရုံအနီး ၁လုံး၊ မိုင်းမြို့တွင်း ၁ လုံး၊ စက်ကြီးပြင်စက်ရုံအနီး ၁ လုံး၊ စက်ရုံတွင်းလမ်းပေါ် ၂ လုံး စုစုပေါင်း ၅လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီနောက်တူးဖော်ရေးဌာနက စက်ယန္တရားတွေအပါ ထုတ်လုပ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

“ဆဲလိုင်း( နံပါတ် ၁၁) ပေါ်ကျတဲ့အလုံးဆို ကြေးပြားထုတ်တဲ့စက်ရုံနဲ့ အနီးစပ်ဆုံးကျတာ။ တရုတ်တွေတော်တော်ကြောက်သွားပုံရတယ်။ လုပ်ငန်းချက်ချင်းရပ်သွားတာ။” လို့ ကုမ္မဏီနဲ့နီးစပ်တဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခင်းဖြစ်ပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းအထိ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဆဲဖြစ်ကြောင်းသိရပြီး ဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်တပ်ဖွဲ့တွေက ပစ်ခတ်တယ်ဆိုတာ အတည်မပြုနိုင်သေးသလို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

ကြေးနီစီမံကိန်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲပြီးနောက် ယန်စီကုမ္မဏီတွင်းတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေက စီမံကိန်းအနီးရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ရွှေပန်းခိုင်နဲ့ သဲတောကြီးကျေးရွာတွေအနီး ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ပံတောင်းနဲ့ ကြေးစင်တောင် ကြေးနီထုတ်လုပ်ရေးစီမံကိန်းလုပ်ငန်း ခွင်ကအလုပ်သမားအများစု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့လို့ လုပ်ငန်းတွေ ၃ နှစ်ကျော်ကြာရပ်ဆိုင်းခဲ့ရပေမယ့် အခုနှစ်စပိုင်းကစတင်ကာ CDM ဝန်ထမ်းအများစု လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်သွားတာကြောင့် လက်ရှိမှာ အာဏာမသိမ်းမီကအတိုင်း ပုံမှန်ပြန်လည် လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

1 comment

Betty September 29, 2025 - 5:16 am

The CCP government will exploit its neighbors, n the military junta mah, gets all the $$ enriching himself n his regime. N the villagers just meagre wages! Hope the TawHlanYay do the same to all airports n the KaPaSa armed production industries of this regime 🙏❤️

Reply

Leave a Comment

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။