ကြို့ပင်ကောက်မှာ စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲပြီး ဒေသခံတွေကိုရုတ်တရက်ဝင်ဖမ်း

0 0
0 0

◼ ဖမ်းဆီးခံ အမျိုးသား ၁၂ ဦးထဲက ၈ ဦးပြန်လွတ်ပြီး ၄ ဦးဆက်ဖမ်းခံထားရ

ဒိန်းဂျား ကျော်ကြီး

ကြို့ပင်ကောက်၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကော်မရှင်တပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံ အမျိုးသား ၁၂ ဦးကို ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့ကာ အဲ့ဒီထဲက ၈ ဦးကိုပြန်လွှတ်ကာ ၄ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်ညနေ ၃ နာရီခန့်မှာ ကျီစုကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ပျူစောထီးအင်အား ၁၀၀ ခန့်ဟာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သရက်ကိုင်းကျိုးရွာကိုရောက်လာပြီး ဒေသခံတွေကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“အချို့က စပါးတွေအငှားသယ်နေတဲ့အခါကျတော့ မထွက်သေးတဲ့အချိန်မှာ ဖမ်းခံရတာ။ သူတို့က ကားတွေနဲ့ဝင်လာတဲ့အခါကျတော့ အချို့က ကိုယ့်အိမ်ကိုယ်နေ အလုပ်လုပ်နေကြတာ။ မပြေးဖြစ်တော့ မိသွားတာ။ အချို့က စပါးသယ်နေ အလုပ်လုပ်နေကြတာ။ ပြေးရင်းလွှားရင်းနဲ့ မလွတ်တာ။ ပြေးတော့ ပြေးကြတယ်မလွတ်တာ။ သေနတ်တွေနဲ့လည်း လိုက်ပစ်သေးတယ်”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေက ကျေးရွာကို ဝင်ရောက်ဖမ်းဆီးလို့ အသက် ၇၀ အရွယ် ဦးတင်မြင့်၊ အသက် ၄၀ ကျော်အရွယ် ကိုမင်းဇော်၊ အသက် ၃၀ အရွယ်ကိုဖြိုးနဲ့ကိုကရင်၊ နောက်ထပ် အသက် ၃၀ ကနေ ၅၀ ကြားအမျိုသား ၈ ဦးဖမ်းဆီးခံလိုက်ရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေဟာ စပါးတင်ထားတဲ့ ထော်လာဂျီ ၁ စီးကိုလည်းယူဆောင်ကာ ညနေ ၅ နာရီကျော်ထိ ရွာထဲမှာမွှေနှောက်ခဲ့ပြီး ကျီစုရွာဘက်ကို ပြန်ဆုတ်ချိန် လမ်းခုလတ်မှာ ဦးတင်မြင့်၊ ကိုမင်းဇော် အပါအဝင် အသက် ၄၀ အထက် အမျိုးသား ၈ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန် ၄ ဦးကို ကျီစုရွာဘက်ကိုဖမ်းဆီးသွားပြီး စက်တင်ဘာ ၂၈ ရက် ဒီကနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်း ကျေးရွာထဲကိုဝင်လာချိန် အိမ်ခြေ ၈၀ ကျော်ရှိတဲ့ သရက်ကိုင်းကျိုးရွာက ဒေသခံအများစုလည်း ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကြောင်းထွက်သွားပြီးနောက် ဒီကနေ့မနက်ပိုင်းမှာတော့ အနည်းစုလောက်သာ ကျေးရွာထဲပြန်လာနေကြတယ်လို့ သိရပါတယ်။

အလားတူ မနေ့ကညနေပိုင်းမှာပဲ အဆိုပါစစ်ကော်မရှင်တပ်တွေက ဖလံပင်ရွာကိုလည်း ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တဲ့အပြင် အလယ်ကုန်းတိုက်နယ် ရဲစခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ ၃၈၀၁ တပ်ခွဲ ၁ တပ်ခွဲမှူး ကရင်လေး က ပြောပါတယ်။

ဒရုန်းနဲ့ဗုံးကြဲလို့ ဖလံပင်ရွာက နေအိမ် ၂ လုံးပျက်စီးပြီး ဒေသခံတွေတော့ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ ဒီပစ်ခတ်မှုတွေကြောင့် ဖလံပင်ရွာသစ်၊ ဒေါင်းမန်းကွင်းရွာ၊ ဂွင်းကျယ်ရွာတွေက ဒေသခံ ၃၀၀ ကျော်လည်း ရွာကတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ပြည်သူ့နေအိမ် ၂ လုံး ပျက်စီးသွားတယ်၊ ၁ လုံးကတော့ ရွာထဲပဲကျတာ၊ အရပ်သားပြည်သူတွေ မထိခိုက်ဘူး၊ အလယ်ကုန်း တိုက်နယ်ရဲစခန်းကနေ ၈၁ လက်နက်ကြီးနဲ့ ၆ ချက်ထုတယ်၊ ရွာတွေထဲ ကျတယ်၊ အိမ်တွေတော့ ပျက်စီးသွားတာမရှိဘူး၊ ပြည်သူထိခိုက်သွားတာလည်း မရှိဘူး။” လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်ကလည်း ကျီစုရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဘက်က မြို့ကိုင်းရွာကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ နေအိမ် ၁ လုံးပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။