ဝက်လက်၊ မတ် ၁၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်(မြောက်)ရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ၄ လသားကလေး ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
မတ် ၁၆ ရက် မနေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီလေတပ် တိုက်လေယာဉ် ၁ စီးက စဉ့်ကိုင်(မြောက်)ရွာအတွင်း ဗုံး ၂ လုံးကြဲချသွားခဲ့ပြီး ဗုံးသီးတွေဟာ ကျေးရွာအတွင်း အရပ်သားနေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


” တိုက်ပွဲမဖြစ်ဘူးဗျ။ ဒီအတိုင်းကြဲချသွားတာ။ ဗုံးသီး ၂ လုံးကြဲချခဲ့တာ။ နေအိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်လို့ သိရတယ်။”လို့ ဝက်လက်မြို့ နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
လေယာဉ်ဗုံးပေါက်ကွဲမှုကြောင့် စဉ့်ကိုင်(မြောက်)ရွာက အသက် ၄ လအရွယ် ယောက်ျားလေးနဲ့ ၎င်းရဲ့အဖိုး၊အဘွားဖြစ်သူ အသက် ၇၇ နှစ် ဦးမြသောင်း၊ အသက် ၇၅ နှစ် ဒေါ်ကြည်ကြည်၊ အသက် ၃၀ ကျော် အမျိုးသမီး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။



ဇန်နဝါရီ ၁ ရက်ကနေ မတ် ၁၄ ရက်အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်း လူ ၂၇၄ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ ၁၈၄ ဦးဟာ လေကြောင်းက တိုက်ခိုက်ခံရတာကြောင့်ဖြစ်ပြီး သေဆုံးမှုအများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ မတ် ၁၄ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – အောင်စိုး၊ စာတည်း – ဟိန်းစံ