အဓမ္မပြုကျင့်တယ်ဆိုကာ ရပ်ကျေးပလဖခေါင်းဆောင်ဆန္ဒပြခံရပေမယ့် တရားဝင်တိုင်ကြားတာမရှိလို့ စစ်ဆေးမှုတွေမရှိသေးဘူးလို့ မြို့နယ်ပလဖ ပြော

0 18
0 18

မင်းကင်း၊ စက်တင်ဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာရပ်ကျေးပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်က တရွာတည်းနေ အိမ်ထောင်ရှိအမျိုးသမီးကို အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၂ ရက်မှာ မြောက်ချွန်းရွာဒေသခံတွေက ရပ်ကျေးပလဖခေါင်းဆောင် အိုက်နိုင်း (ခေါ်) ကိုသိန်းနိုင်ကို အဓမ္မမှုနဲ့ပတ်သက်ပြီး တရားမျှတစွာအရေးယူပေးဖို့ ကျေးရွာတွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

“ဆန္ဒပြတာက အဓိကအမျိုးသမီးတွေ လုံခြုံရေးကိုထိပါးလာတဲ့ အခြေနေမျိုးပေါ့၊ လက်နက်ကိုင်ထားရင် အာဏာရှိတယ်၊ ငါလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ ပညာမဲ့တဲ့ လက်နက်ကိုင်လူတွေ ရှိနေတော့ ပြစ်မှုတခုခုဆိုတိုင်စရာမရှိ၊ အရေးယူဆောင်ရွက်မှုမရှိတော့ ဒါမျိုးဆန္ဒပြ ဖြစ်စဉ်ဖြစ်လာတာပေါ့၊” လို့ ဆန္ဒပြစဥ်မှာပါဝင်ခဲ့တဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ကျူးလွန်ခံရသူအမျိုးသမီးဟာ ဇူလိုင် ၉ ရက်မှာ အမျိုးသားဖြစ်သူနဲ့စကားများရန်ဖြစ်ပြီးနောက် အမျိုးသားကရိုက်နှက်မှုတွေလုပ်တဲ့အတွက် ရပ်ကျေးပလဖခေါင်းဆောင် အိုက်နိုင်း (ခေါ်) ကိုသိန်းနိုင်ကို ဆက်သွယ်တိုင်ကြားခဲ့ရာက ပလဖအဖွဲ့ဝင်တွေကအဲ့ဒီနေ့မှာပဲ အမျိုးသားဖြစ်သူကို ဖမ်းဆီးထိပ်တုံးခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

“လင်မယားရန်ဖြစ်တာရော၊ ယောက်ျားဖြစ်သူက အရက်တအားသောက်ပြီး အရက်စွဲနေတဲ့ အခြေအနေမျိုး၊ အဲ့ဒါကိုမှ သူက အရက်ပြတ်အောင်လို့ဆိုပြီး ၁ လဆိုပြီးမှ အပ်လိုက်တာပေါ့။ ၁ လဆိုပြီး ဖမ်းသွားတာ၊ အရက်လည်း ပြတ်အောင်လို့၊ ပြီးတော့ အရက်မူးပြီး ရိုက်တဲ့အခြေအနေမျိုး၊ မိန်းမကို ရိုက်လို့ တိုက်လို့ ဖမ်းလိုက်တယ်ဆိုတဲ့သဘောမျိုး။”လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတဦးက ပြောပါတယ်။

အမျိုးသားကိုဖမ်းဆီးပြီးနောက် ၃ ရက်မြောက်အကြာ ဇူလိုင် ၁၁ ရက်မှာ ၁ ကြိမ်နဲ့ ၈ ရက်အကြာ ဇူလိုင်တတိယပတ်ထဲမှာ ၁ ကြိမ် ကိုသိန်းနိုင်က အဆိုပါအမျိုးသမီးကို ခင်ပွန်းနဲ့ပတ်သက်ပြီး ပြောစရာရှိတယ်ဆိုကာ ခေါ်ပြီး အဓမ္မပြုခဲ့တာလို့ ဆိုပါတယ်။

အဓမ္မပြုကျင့်တဲ့နေရာဟာ အမျိုးသားကိုဖမ်းဆီးချုပ်နှောင်ထားတဲ့ နေရာနဲ့ ကိုက် ၅၀ အကွာရှိတဲ့အနီးတဝိုက်မှာဖြစ်ပြီး ကျူးလွန်ချိန်မှာ တပ်ဖွဲ့ယူနီဖောင်းဝတ်ထားတာမရှိဘဲ သေနတ်ပါတာကိုတွေ့ရတယ်လို့ ရပ်ကျေးပအဖအဖွဲ့ကစစ်ဆေးရေးမှာ ကျူးလွန်ခံရသူအမျိုးသမီးက ဖွင့်ဟပြောဆိုထားပါတယ်။

နစ်နာသူအမျိုးသမီးက မြောက်ချွန်းရွာတောတိုက်မှာနေထိုင်တဲ့သူဖြစ်ပြီး ကိုသိန်းနိုင်က ဖမ်းခံထားရသူ အမျိုးသားအကြောင်းပြောဆိုဖို့ဆိုကာ ၁ ရက်ခြား ၁ ခါလောက်လာတွေ့ဖို့ပြောခဲ့တာလည်းရှိခဲ့ပြီး သွားတွေ့ တဲ့ ၂ ကြိမ်မှာ ၂ ကြိမ်လုံးအဓမ္မပြုကျင့်တာကြောင့် နောက်ထပ်သွားမတွေ့ဖြစ်တော့ဘူးလို့ ရပ်ကျေး ပအဖရဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။

အမျိုးသားဖြစ်သူကို ဖမ်းဆီးထားစဉ်မှာလည်း ကိုသိန်းနိုင်က ဝါးခြမ်းပြားနဲ့ ၁၀ ချက်အထိ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၂ ရက်ဆန္ဒပြအပြီးမှာတော့ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျူးလွန်သူနဲ့ နစ်နာသူ လင်မယားကိုခေါ်ယူစစ်ဆေးရေးရာမှာလည်း ကိုသိန်းနိုင်က လက်နက်နဲ့ခြိမ်းခြောက်အကြပ်ကိုင်တာမျိုး မရှိခဲ့ပေမယ့် အဓမ္မမှု ၂ ကြိမ်ကျူးလွန်ခဲ့တာဟုတ်မှန်ကြောင်းကို ဝန်ခံထွက်ဆိုထားပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၄ ရက်ကစတင်ကာ မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ဆိုကာ ကျူးလွန်သူနဲ့ နစ်နာသူ ၂ ဦးကိုခေါ်ဆောင်ထားပြီး စက်တင်ဘာ ၂၆ ရက် ဒီကနေ့ထိစစ်ဆေးနေဆဲဖြစ်တယ်လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံအမျိုးသမီးကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကို မြေလတ်အသံက ဆက်သွယ် မေးမြန်းရာမှာတော့ တိုင်တန်းမှုမရောက်သေးတဲ့အတွက် စစ်ဆေးမှုတွေမလုပ်ရသေးဘဲ ကျူးလွန်သူ ကိုသိန်းနိုင်ကိုတော့ တပ်ဖွဲ့ဝင်ဖြစ်တာကြောင့်ခေါ်ဆောင်ထားတယ်လို့ မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

“တိုင်ကြားခံရသူက တပ်ဖွဲ့ဝင်ဖြစ်တဲ့အတွက်ခေါ်ထားပါတယ်၊ အဲ့ဒီတိုင်တန်းမှုလက်ခံရရှိမှ ကျနော်တို့က အမှုမှန် ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ပြီး ပေါ်ပေါက်မှုပေါ် မူတည်ပြီး တရားရေးကို တင်ပြီး တရားရေးက စစ်ဆေးပြီး အမိန့်ချရတာပါ။ ဒီနေ့ဒီချိန်ထိ တိုင်စာနဲ့တိုင်တန်းတာ တစုံတရာမြို့နယ်ပလဖဆီ မရောက်သေးပါဘူး။ ဒီအတွက် အမှုနဲ့ပတ်သက်လို့ တစုံတရာစစ်ဆေးမှုလည်း မပြုလုပ်ရသေးသည့်အတွက် ဖြေကြားစရာမရှိသေးပါဘူး။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့လည်း ခုလိုအဖြစ်အပျက်တွေဖြစ်မှာကို ကြောက်လန့်နေရပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဘက်ကလည်း အရေးယူမှုတွေလုပ်ပေးစေချင်တယ်လို့ အထက်ပါအမျိုးသမီးက တောင်းဆိုပါတယ်။

“မင်းကင်းမြို့နယ်က ပထဝီမြေနေအထားအရ ခေါင်းပါးတဲ့အရပ်ဆိုတော့ တခုခုဆို အဲ့ဒါကိုအသုံးချပြီး လုပ်နေကြတာ၊ NUG အစိုးရအနေနဲ့ ကျမတို့ မင်းကင်းမြို့နယ် ဖြစ်နေတဲ့အဖြစ်ပျက်တွေကို ကြည့်စေချင်တယ်၊ အရေးယူစေချင်တယ်၊ မဟုတ်ရင် တော်လှန်ရေးဆိုပြီး လုပ်ချင်ရာလုပ်နေတဲ့ လူအုပ်ကြီးကို ကျမတို့ ပြည့်သူတွေကကြောက်နေရမှာပါ။” လို့ ဆန္ဒပြစဉ် ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။