ရဲစခန်းထဲ စစ်မှုထမ်းဖို့ဖမ်းခံထားရသူလူငယ်က အစောင့်ရဲကို ဓားနဲ့ထိုးသတ်ပြီး လက်နက်တွေယူဆောင်ထွက်ပြေးလာ

0 17
0 17

မြေလတ်အသံ၊ စက်တင်ဘာ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူလူငယ်က အစောင့်ရဲတပ်ဖွဲ့ဝင်တဦးကိုသတ်ပြီး လက်နက်ခဲယမ်းတွေယူဆောင်ထွက်ပြေးလာတယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ ဆီက သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူဟာ တောင်ညိုကွက်သစ်ရဲစခန်းမှာ စစ်မှုထမ်းအဖြစ်ပို့ဆောင်ဖို့ဖမ်းဆီးခံထားရသူ အသက် ၁၈ နှစ်အရွယ် စိုင်းမြတ်ကို ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ အစောင့်ရဲတပ်သားကို ဓားနဲ့ထိုးသတ်ပြီး လက်နက်ခဲယမ်းတွေယူဆောင်ထွက်ပြေးလာပြီးနောက် PDF တွေဆီ ရောက်ရှိလာတာလို့ ဆိုပါတယ်။

” သူကလည်း စစ်မှုထမ်းအဖြစ် ဆွဲခံရတာ ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ သူက သူတို့(ရဲတပ်ဖွဲ့) ယုံကြည်မှုကို ရအောင်ယူတယ်။ သူ့ကို တောင်ညိုရဲစခန်းမှာ လွတ်လပ်စွာထားတယ်၊ သူနဲ့အတူရှိနေတဲ့ ရဲတဦးကို အဲ့ဒီရဲရဲ့ဓါးနဲ့လည်ပင်းကို ထိုးဖောက်ပြီး လက်နက်ခဲယမ်းတွေကို တိတ်ဆိတ်စွာယူဆောင်နိုင်ခဲ့တယ်။ တိတ်ဆိတ်စွာယူဆောင်နိုင်ခဲ့တာလည်း သူတို့တန်းစီနေတဲ့အချိန် ဖြစ်ပါတယ်။ သူ့မှာထွက်ပေါက်ရာ လမ်းတခုရသွားတာပေါ့။ ဘန်ကာကင်းထဲမှာ သူနဲ့အတူရှိနေတဲ့ ရဲ** ၁ ကောင်ကို သူသုတ်သင်ရှင်းခဲ့ပြီးတော့ သူထွက်ပြေးတိမ်းရှောင်လာခဲ့တာ” လို့ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း ၃၈၀၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုး က မြေလတ်အသံကို ပြောပါတယ်။

စိုင်းမြတ်ကိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာဒုတိယပတ်အတွင်းက တောင်ညိုကွက်သစ်ဈေးတန်းမှာ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူ၊ ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးချိန် စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်သင်တန်းပို့ဆောင်ဖို့ တောင်ညိုရဲစခန်းထဲ ထိန်းသိမ်းထားစဥ် အခုလိုထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။

ကိုစိုင်းမြတ်ကိုနဲ့ အတူ သေဆုံးရဲတပ်သားရဲ့ G-3 သေနက် ၁ လက်၊ ၇.၆၂ မမ ကျည် ၁၀ တောင့်၊ ကျည်ဘောက် ၁ ခု ယူဆောင်လာနိုင်လို့ ၎င်းကို သိန်း ၂၀ ဆုချီးမြှင့်ထားတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။