ကနီက တူမီးတော်လှန်ရေး ၂ နှစ်ပြည့်သပိတ်

စစ်ကိုင်း၊ ဧပြီ ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တူမီးတော်လှန်ရေး ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဧပြီလ ၂ ရက် ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ ကြပါတယ်။

ဒီသပိတ်ကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ဦးဆောင်ကာ လူဦးရေ ၅၀၀ ကျော်နဲ့ ကနီမြို့နယ်ထဲက တနေရာမှာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ ကနီ နွေဦးတော်လှန်ရေးသပိတ် အဖွဲ့ဝင်တဦးက ပြောပါတယ်။

“တူမီးနဲ့ စခဲ့တဲ့ ကနီနယ်ရဲ့ လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီအရာတွေကို မမေ့သင့်ကြောင်းနဲ့ အဆုံးတိုင် စစ်အာဏာရှင်ကို တွန်းလှန်သွားမယ်” လို့ ဆိုပါတယ်။

ဒီသပိတ်မှာဦးဆောင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတရားတွေ ဟောပြောခဲ့ပြီး၊ “အညာနယ်သားတွေ နီသလားဟေ့ အညာသွေးတွေ ရဲသလားဟေ့” စတဲ့ဆောင်ပုဒ်တွေအပြင် သွေးသစ္စာသီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်ကလည်း ကနီမြို့နယ်က ကျေးရွာတရွာမှာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ဦးဆောင်ပြီး မုံရွာလူထုသပိတ်တိုက်ပွဲမှာကျဆုံးခဲ့သူ မသဉ္ဇာဟိန်းအတွက် အောက်မေ့ဖွယ် ၂ နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါ‌သေးတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။