ဘေးတွဲဆိုင်ကယ်စီးလာတဲ့ မြေးအဖိုး ၃ ဦးကို စစ်တပ်ကပစ်ခတ်လို့ ၂ ဦးသေဆုံး

0 21
0 21

ဆားလင်းကြီး၊ စက်တင်ဘာ ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ မီးသတ်ရုံးနားမှာ ဘေးတွဲဆိုင်ကယ်စီးလာတဲ့ မြေးအဖိုး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်သတ်ခံရသူတွေက သိမ်တော်ကျေးရွာနေ အသက် ၈၀ ကျော်အရွယ် ဦးဘဌေး၊ မြေးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မြေးဖြစ်သူ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်မနက် ၁၁ နာရီကျော်ခန့်မှာ သိမ်တော်ကျေးရွာကနေ ဆားလင်းကြီးမြို့ပေါ်အသွား မီးသတ်ရုံးအနီးမှာ စစ်ကော်မရှင်တပ်သားတွေက ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“မီးသတ်ရုံးနားမှာ ဂိတ်စောင့်တဲ့အဖွဲ့ရှိတယ်။ ဆိုက်တွဲ(ဘေးတွဲဆိုင်ကယ်)နဲ့သွားတာက မြေးအဖိုး ၃ ယောက်။ အဲ့နေရာက ဂုန်းတက်ကြီး။ အမှန်တကယ် သူတို့(စစ်ကော်မရှင်တပ်သား)တွေက တားတယ်။ အိတ်ဇောအသံက ကျယ်တော့ သူတို့ခေါ်တာကိုမကြားဘဲ ဆက်မောင်းတော့ပစ်ခံရတာ။ ဘေးတွဲက အိတ်ဇောကလည်းပွင့်နေတော့ ကလေးတွေကလည်းအသံမကြားတော့ ဇွတ်မောင်းရင်းဖြစ်တာ။”လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေပစ်တာကြောင့် အဘိုးဖြစ်သူနဲ့မြေး ၁ ဦးတို့သေဆုံးပြီး နောက်ထပ်မြေး ၁ ဦးကတော့ ဆားလင်းကြီးဆေးရုံပေါ်မှာ ဆေးကုသမှူခံယူနေရတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့မြေးအဖိုး ၂ ဦးရဲ့အလောင်းတွေကိုတော့မိသားစုဝင်တွေက ညနေပိုင်းမှာ ကျေးရွာကိုပြန်သယ်သွားပြီး သဂြိုဟ်လိုက်ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။