မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့၊ သဖန်းပင်ကျေးရွာအုပ်စု၊ အလယ်ကျွန်းရွာမှာ ဒေသခံအမျိုးသား ၅ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး ၁ ဦးက ငွေပေးပြန်လွတ်လာကာ ၄ ဦးကတော့ စစ်မှုထမ်းအတွက် ပို့ဆောင်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ကြားဖြစ်ပြီး စက်တင်ဘာလ ပထမပတ်အတွင်း ညနေဘက်အလုပ်ပြန်လာချိန်တွေမှာ အလယ်ကျွန်းရွာ ပျူစောထီး ကိုမျိုးနဲ့ စစ်ကော်မရှင်တပ်က ရွာထဲမှာပဲ မသင်္ကာလို့ဆိုကာဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
“သူ(ပျူစောထီး ကိုမျိုး)က အလယ်ကျွန်းကျေးရွာ ပျူစောထီးပေါ့နော်၊ သူက ရွာထဲကလူတွေကို ဖမ်းတယ်၊ ချက်ချင်း သိန်း ၅၀ နဲ့ အကြပ်ကိုင်ပြီးရွေးခိုင်းတယ်၊ မရွေးနိုင်ရင်တော့ တောင်ငူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပို့လိုက်တယ်။ ပို့လိုက်ပြီးရင်တော့ အဲ့ဒါပြီးရင် စစ်သင်တန်းကျောင်းတွေ ရောက်ကုန်ရော။” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ၅ ဦးထဲက ၁ ဦးမှာ ကျပ်သိန်း ၅၀ ပေးပြီးရွေးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ စက်တင်ဘာ ၄ ရက်မှာပဲ ညတွင်းချင်းပြန်လည်လွတ်မြောက်လာကာ ကျန်ဒေသခံ ၄ ဦးကတော့ လက်လုပ်လက်စား လူတန်းစားတွေဖြစ်ပြီး ပိုက်ဆံပေးမရွေးနိုင်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်ခံလိုက်ရတယ်ဆို့ ဆိုပါတယ်။
ဖမ်းဆီးရာမှာ ဦးဆောင်ပါဝင်တဲ့ ပျူစောထီး ကိုမျိုးနဲ့ပတ်သက်ပြီး “အလယ်ကျွန်းကျေးရွာမှာ ပျူစောထီးအင်အားက အဲ့လောက်တော့မရှိဘူး။ လက်ရှိ သူ့ကိုက ပျူစောထီးခေါင်းဆောင်ပုံစံမျိုးပေါ့ အဲ့လို မြှောက်စားထားတာတော့ စစ်တပ်ကပေါ့။ သူက ကျေးရွာအုပ်ချုပ်ရေးပိုင်းမှာလည်း မပါဘူး၊ ပြောရရင် အနေအစားချောင်လို့ပေါ့ဗျာ။ လူငယ်တွေကို သူလုပ်လို့ရတဲ့သူတွေကို လုပ်တယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ဒါ့အပြင် အလယ်ကျွန်းရွာ အုပ်ချုပ်ရေးမှူး စန်းဦး ဦးဆောင်ကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ၂၀,၀၀၀ ကျပ် ကောက်ခံနေတာရှိပြီး အခုလို ပေါ်တာဆွဲဖမ်းဆီးခံရချိန်မှာတော့ ဘာမှမလုပ်ပေးဘူးလို့ သူက ဆက်ပြောပါတယ်။
အလယ်ကျွန်းကျေးရွာဟာ အိမ်ခြေ ၃၀၀ ခန့်နဲ့ လူဦးရေ ၈၀၀ ခန့် ရှိပြီး အများစုမှာ အခြေခံအလုပ်သမားတွေ၊ လက်သမားတွေနဲ့ တောင်ငူမြို့ပေါ်တက်ကာ အလုပ်လုပ်ကြရသူတွေဖြစ်ပြီး အမျိုးသမီးတချို့ကတော့ ဆေးလိပ်လိပ်တဲ့အလုပ်လုပ်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်မှုထမ်းအတွက် ဖမ်းဆီးနေကြတာကြောင့် ဒေသခံတွေအနေနဲ့ ညဘက်တွေမှာ အပြင်မထွက်ရဲကြတော့ဘူးလို့ သိရပါတယ်။