ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင် (ရုပ်/သံ)

0 26
0 26

ကန့်ဘလူ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့လျော့မှုကြောင့်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေ ဝေဖန်အပြစ်တင်ရေးသားနေကြပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် ပျူစောထီးနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇီးကုန်းမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူအများရဲ့ချီးကျူးမှုကိုလည်း ခံခဲ့ရတာပါ။

စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရမှုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးပေါ့လျော့မှု၊ PDF တွေရဲ့ အယုံသွင်းခံရမှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုရုပ်သံမှတ်တမ်း အွန်လိုင်းမှာပျံ့နှံ့သွားတာကြောင့် တပ်သိက္ခာကျကြောင်းဆိုကာ အပြစ်တင်ရေးသားတာတွေကို တွေ့ရပါတယ်။

PDF နယ်မြေအတွင်းရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ၊ လက်နက်၊ ခဲယမ်း အင်အားအနည်းငယ်နဲ့သာ ခုခံတိုက်ခိုက်နေရတာကြောင့် စိတ်ဓာတ်ရေးရာတွေမှာ ကျဆင်းနေကြသလို ရဲတပ်ဖွဲ့ဝင်အများအပြားဟာ ငွေရရှိရေးကိုသာ အဓိကလုပ်ဆောင်ကြတာကြောင့် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုမရှိဘူးလို့ CDM ရဲအရာရှိ ကိုပိုင်စိုး က မြေလတ်အသံကို ပြောပါတယ်။

ဇီးကုန်းရဲစခန်းတိုက်ပွဲအတွင်း ဒုရဲအုပ်အဆင့်အပါ ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ သုံ့ပန်း ၁၁ ဦး ဖမ်းမိကာ အကျဉ်းသား ၃ ဦး ကို ကယ်ထုတ်နိုင်ခဲ့ပြီး G 3 ၉ လက်အပါ သေနတ် ၁၂ လက် သိမ်းဆည်းရခဲ့တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)ထံက သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၁၈ ရက် ယမန်နေ့မှာ ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်က ပျူဘုန်းကြီး ဝါသဝလက်အောက် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့် ဇီးကုန်းရဲစခန်းအတွင်း တပ်ပြန်စွဲခဲ့ပြီး မြို့အဝင်၊အထွက်ကို ပိတ်ဆို့ထားတယ်လို့ ကန်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

” မစ်ရှင်ပြီးတဲ့နောက် ၁ ရက်မှာ ကား ၅ စီးနဲ့ပြန်ဝင်လာတယ်။ ရဲတွေအဓိကပေါ့။ အင်အားဘယ်လောက်ဆိုတာ အတိအကျတော့မသိရဘူး ခန့်မှန်း ၁၀၀ လောက်ရှိမယ်။ ကား ၅ စီးဆိုပေမယ့် အေဒီဗင်လေးတွေပါတယ်။ ထန်းကုန်းဘက်က ရှိတဲ့ပျူတွေစုတယ်။ ၆၀၀၆ ကရဲတွေပါတယ်။ လက်ရှိအသွားအလာတွေပိတ်ထားတယ်”လို့ ဆိုပါတယ်။

ရဲစခန်းစီးနင်းခံရချိန်မှာ စစ်ကော်မရှင်တပ်က စစ်ကူလာခဲ့ပေမယ့် ဇီးကုန်းမြို့အထိမရောက်ဘဲ မူးဘောင်တွေအနီးကနေ ပြန်လှည့်သွားပြီး နောက် ၁ ရက်မှ အင်အားအလုံးအရင်းနဲ့ပြန်ရောက်လာတာလို့ဆိုပါတယ်။

လက်ရှိမှာ ရဲနဲ့ပျူစောထီးတွေက မြို့အဝင်အထွက်ကိုပိတ်ဆို့ထားပြီး မြို့တွင်းပြည်သူတွေကို မြို့ပြင်ထွက်ခွာခွင့်ပိတ်ထားသလို ကျေးရွာတွေဘက်က ပြည်သူတွေကိုလည်း မြို့တွင်း ဝင်ရောက်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။