ကျောက်တံခါးမြို့နယ် စစ်ကောင်စီထွေအုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းဗုံးချတိုက်ခိုက်ခံရလို့ ရုံးအဆောက်အဦးတွေ ပျက်စီး

ပဲခူး၊ ဧပြီ ၁၊ ၂၀၂၃။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် စစ်ကောင်စီလက်အောက်ခံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်)ရုံးနဲ့ မြို့မရဲစခန်းတို့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရုံးအဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ည ၁၂ နာရီခန့်မှာ ကျောက်တံခါးမြို့၊ ဦစံကျော်လမ်းမှာရှိတဲ့ ထွေအုပ်ရုံးမှာ ၄ လုံး၊ ဘုရင့်နောင်လမ်းမှာရှိတဲ့ မြို့မရဲစခန်းမှာ ၂ လုံး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာဖြစ်ပြီး ထွေအုပ်ရုံးခန်းမ တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သိရသလောက်က ဒရုန်းဗုံးလာချသွားတာလို့ သိရတယ်။ ရဲစခန်း ၂ လုံးနဲ့ ထွေအုပ်ရုံး ၄ လုံး ချတာ။ ထွေအုပ်ရုံးကွဲတာမှာ ရုံးအမိုးပေါ်မှာကျပြီး အမိုးတွေ ပွင့်ထွက်ကုန်တယ်။ ရဲစခန်းမှာလည်း အမိုးပေါ်ကျတယ်လို့ သိရတယ်။ လူထိခိုက်တာတော့ မကြားရဘူး” လို့ ပြောပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ ထွေအုပ်ရုံး အဆောက်အဦးအမိုး ၆ ပေဝန်းကျင်ခန့် ပျက်စီးသွားသလို ရဲစခန်းအမိုးလည်း ပေါက်ပြဲပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ဗုံးချခံရပြီးတဲ့နောက် မြို့မရဲစခန်းအတွင်းက ရဲတပ်ဖွဲ့တွေနဲ့ ထွေအုပ်ရုံးစောင့် စစ်ကောင်စီတပ်သားတွေက လိုက်လံပစ်ခတ်တာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးရွာအနီး တာလမ်းပေါ်မှာ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။