TGR PDF အဖွဲ့လက်နက်ထုတ်တဲ့ စခန်းတခုစီးနင်းခံရပြီး ထုတ်လုပ်ရေးပစ္စည်းတချို့ မီးရှို့ခံရ

0 3
0 3

စစ်ကိုင်း၊ ဧပြီ ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ကျေးရွာအနီးက T. G. R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မိုင်းနဲ့လက်နက်ထုတ်လုပ်ရေးစခန်းတခု မတ်လ ၃၀ ရက် မနက် ၉ နာရီခန့်မှာ စီးနင်းခံရပြီး ထုတ်လုပ်ရေးပစ္စည်းတချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ဟာ ကျောက်ရစ်ကျေးရွာကနေ နဘတ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် အဲ့ဒီလက်နက်ထုတ်လုပ်ရေးစခန်းကို တွေ့ရှိပြီး စခန်းကိုဝင်ရောက်စီးနင်းခဲ့တာလို့ မြောင်မြို့ နယ် T. G. R အဖွဲ့ Women Drone Force က ကျားခင်စိန်က ပြောပါတယ်။

ပုံစာ – TGR စခန်းစီးနင်းခံရမှုအား စစ်ကောင်စီတယ်လီဂရမ်များတွင် ဖော်ပြထားစဉ်။

“သူတို့စစ်ကြောင်းထိုးလာမယ်လို့ သတင်းရကတည်းက ကြိုတင်ပြီး ရှောင်ခဲ့ကြတာ။ စကစဘက်ကတော့ စခန်းသိမ်းတယ်လို့ ဖော်ပြနေကြတယ်။ ဒါပေမယ့် လူမရှိတဲ့နေရာကို ဝင်စီးသွားတာလို့ ပြောရမယ်။ စခန်းနေရာအထိ သူတို့ရောက်လာတယ်ဆိုတာကလည်း ဒလန်သတင်းပေးကြောင့်လည်း ပါနိုင်တယ်။ ခုတလော ဒီဘက်ခြမ်းကို စစ်အုပ်စုဘီးလူးစစ်ကြောင်းနဲ့ တခြားစစ်ကြောင်းတွေကလည်း ထိုးနေတာဆိုတော့ လမ်းကြောင်းသင့်သွားလို့ ရောက်လာတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စခန်းစီးနင်းခံရလို့ PDF ထိခိုက်သေဆုံးမှု၊ စခန်းအဆောက်အဦးနဲ့ လက်နက်တွေ ဆုံးရှုံးတာမျိုးမရှိခဲ့ဘဲ PDF အသုံးအဆောင်ပစ္စည်းတချို့နဲ့ တွင်ခုံတွေအပါအဝင် မိုင်းနဲ့လက်နက်ခဲယမ်းထုတ်လုပ်ရေးတွေမှာ အသုံးပြုတဲ့ပစ္စည်းတချို့ မီးရှို့ဖျက်ဆီးခံလိုက်ရလို့ ကျပ် ၁၅ သိန်းခန့် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – TGR စခန်းစီးနင်းခံရမှုအား စစ်ကောင်စီတယ်လီဂရမ်များတွင် ဖော်ပြထားစဉ်။

မတ်လ ၃၀ ရက်နေ့မှာပဲ မြောင်မြို့နယ်အတွင်းက စစ်ကိုင်းခရိုင်တပ်ရင်း ၁ PDF စခန်းဝင်ရောက်စီးနင်းခံခဲ့ရပြီး ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနဲ့ PDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။