ဝေါနဲ့သနပ်ပင် ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီကဖျက်လို့ ဒေသခံတွေ သွားလာရေးအခက်ကြုံ

0 1
0 1

ပဲခူး၊ ဧပြီ ၁၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်သုံးခွရွာနားမှာ ဝေါမြို့နယ်နဲ့ သနပ်ပင်မြို့နယ်ကိုဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီဘက်က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး စစ်ကောင်စီဘက်က ကျေးရွာချင်းဆက် မြေသားလမ်းကို အကျယ် ၁၀ ခန့်နဲ့ အနက် ၄ ပေခန့် တူးပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီလမ်းပိုင်းက ဦးသိန်းစိန်လက်ထက်က ဖို့ထားပြီးလုပ်ထားတဲ့ ကုန်ထုတ်လမ်းပေါ့။ မိန်းလမ်းကို ရှောင်ကွင်းလမ်းလို့လည်း ပြောလို့ရတယ်။ ဒေသထွက်ကုန်တွေကို သယ်ဆောင်သွားလာတဲ့ လမ်းပေါ့။ နောက်ပြီး မွန်ဘက်ကနေ ပဲခူးဘက်ခြမ်းဖြတ်မယ့် မှောင်ခိုကုန်တွေနဲ့ လိုင်စင်မဲ့ယာဥ်တွေ ဖြတ်သန်းသွားကြတာ။ အဲဒီလမ်းကို ဘူဒိုဇာနဲ့တူးပြီး ဖျက်ဆီးလိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အဲဒီလမ်းပိုင်းကို ဖျက်ဆီးလိုက်တာဟာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်နိုင်ပေမယ့် တကယ်တမ်း စိုက်ပျိုးရေးတောင်သူတွေနဲ့ ဒေသခံတွေကိုသာ သွားလာရေးအတွက် အခက်ခဲဖြစ်စေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လမ်းပိုင်းကို ဖျက်ဆီးလိုက်လို့ ဝေါမြို့နယ်ဘက်က ညောင်ကုန်းဝ၊ ကံမြင့်၊ မိုးနတ်ကျေးရွာတွေအပါအဝင် ကျေးရွာပါ ၁၀ ရွာကျော်နဲ့ သနပ်ပင်မြို့နယ်က မင်းရွာ၊ ကမာဘာကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာနီးပါးလော​က်ဟာ တမြို့နယ်နဲ့တမြို့နယ် ဒေသထုတ်ကုန်တွေ ပို့ဆောင်ဖို့ ခက်ခဲသွားတယ်လို့ သိရပါတယ်။

လမ်းပိုင်းဖျက်ဆီးခံလိုက်ရလို့ ဒေသထွက် စပါး၊ ပဲ၊ ပြောင်း၊ ဖရဲအပါအဝင် စိုက်ပျိုးသီးနှံတွေကို ပို့ဆောင်ရာမှာ ယခင်ထက် ကုန်ကျစားရိတ်ပိုများလာပြီး ကုန်စည်ပျက်စီးမှုတွေရှိလာနိုင်တာကြောင့် ဒေသခံတောင်သူတွေမှာ အခက်ခဲတွေရှိလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဝေါမြို့နယ်ရှိ စစ်တောင်းမြစ်ကမ်းဘေးရွာတွေမှာ လုံခြုံရေးတင်းကြပ်ထားသလို အစစ်ဆေးလည်း များနေတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။