ကန့်ဘလူမှာ ၁၄ နှစ်အရွယ်ကလေးငယ်အပါ ၆ ဦးမီးရှို့သတ်ခံရပြီး၊ ကလေး ၁ ဦး ထွက်ပြေးလွတ်မြောက်

0 35
0 35

ကန့်ဘလူ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းလမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေက ပြည်သူ ၇ ဦးကို ဖမ်းဆီးပြီးနောက် ၆ ဦးကိုမီးရှို့သတ်ခဲ့ကာ ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူတွေဆီက သိရပါတယ်။

သတ်ဖြတ်ခံရသူတွေက ငှက်ပျောတိုင်ရွာဟောင်းသားတွေဖြစ်တဲ့ ၄၅ နှစ်အရွယ် ဦးစိုးတင့်၊ ၂၃ နှစ်အရွယ် ကိုချစ်သဲမောင်၊ ကိုသန်းဇော်ထွန်း၊ ၁၈ နှစ်အရွယ် ကိုရီဝေမိုး၊ ၁၆ နှစ်အရွယ်မိုးသက်ခ၊ ၁၅ နှစ်အရွယ်အမျိုးသား ၁ ဦးနဲ့ ၁၄ နှစ်အရွယ် ချမ်းဖြိုးဝေတို့ဟာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲ့ဒီထဲက ၆ ဦးကတော့ စက်တင်ဘာ ၁၂ ရက်မှာ ဘူကုန်းကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ၁၅ နှစ်အရွယ်ကလေး ကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

“သတ်မယ့်ညနေကျမှ တာယာပုံကြီးပေါ်တက်ခိုင်းတာ လက်တွေကလည်း လက်ပြန်ကြိုးတွေ တုပ်ထားတာ။ တက်ခိုင်းပြီးမှ ခေါင်းတွေထပ်ရိုက်တော့ တချို့ကျလည်းသတိလစ်သွားတယ်။ မျောသွားပြီး မရုန်းနိုင်မထနိုင်တော့ဘူးဆိုပြီး မီးတင်ရှို့တာ။ ကလေးကကျတော့ သတိမလစ်ဘဲနေတာမှ ရုန်းပြီးမှ ထွက်ပြေးလာနိုင်တာ။ သူတို့(စကစ)က မပြေးနိုင်တော့ဘူးဆိုတော့ စောင့်ကြည့်မနေတော့ဘဲ မီးရှို့တဲ့ ဟာကို ပစ်ချထားတာပေါ့” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူကပြောပါတယ်။

ဒီအခြေအနေတွေကို ထွက်ပြေးလွတ်မြောက်လာသူရဲ့ပြောပြချက်အရ ပြန်သိရတာဖြစ်ပြီး အဲ့ဒီကလေးကိုတော့ စက်တင်ဘာ ၁၂ ရက်ညပိုင်းမှာ ပြန်တွေ့ရလို့ ခေါ်ယူစောင့်ရှောက်ထားရပြီး ဒဏ်ရာတွေကို ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ ကလေးမှာလည်း စစ်ကော်မရှင်တပ်သားနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ နှိပ်စက်မှုဒဏ်ကြောင့် ကျော၊ ပေါင်၊ ခန္ဓာကိုယ်တွေမှာ ရိုက်နှက်ခံရလို့ အရေပြားတွေကွာကျနေပြီး မျက်နှာမှာဆိုရင်လည်း ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ညိုမဲစွဲဖူးယောင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလာတဲ့ကောင်လေးရဲ့လုံခြုံရေးအရ သူနေထိုင်ရာကျေးရွာကို ပေးမပြန်ဘဲ စိတ်ချရတဲ့နေရာတခုမှာ စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ဦးစိုးတင့်ပါ အထက်ပါ အမျိုသား ၇ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့အတူ စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေမှော်တခုကနေ အလုပ်အကိုင်အဆင်မပြေတာကြောင့် ကန့်ဘလူ၊ ငှက်ပျောတိုင်းကျေးရွာ ကို ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းအတိုင်း ပြန်လာချိန် ဘူကုန်းကျေးရွာ လမ်းခွဲ ဇရပ်အရောက်မှာ အင်အား ၃၀ ကျော်လောက်ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

အဲဒီနောက် ဘူကုန်းကျေးရွာဘုန်းကြီးကျောင်းအတွင်းကို ခေါ်ဆောင်သွားပြီးနောက် အင်္ကျီတွေချွတ်ခိုင်းကာ ဝါးအစိုချောင်းတွေနဲ့ ရိုက်နှက်နှိပ်စက်မှုတွေပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့ မီးမရှို့ခင်အချိန်အထိ ထမင်းမကျွေးဘဲ နှိပ်စက်နေခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၁၆ ရက်ဝန်းကျင်ကစပြီး စစ်ကော်မရှင်တပ်တွေနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းတွေဟာ ကန့်ဘလူမြို့နယ်အတွင်း အင်အားအများအပြားနဲ့စစ်ကြောင်းထိုးပြီးနောက် ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းပိုင်းကို စိုးမိုးမှုအလုံးစုံရရှိရန်ကြိုးပမ်းလျက်ရှိကာ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့မှာ ပြန်လည်အထိုင်ချနေရာယူထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။