AA နဲ့တိုက်ပွဲမှာ စစ်သားရာချီသေပြီး ခမရ ၅၂၅ တပ်ရင်းမှူးအပါ ၅၀ ကျော် ထွက်ပြေးနေတယ်လို့ ဘက်ပြောင်းစစ်မှုထမ်းစစ်သားတွေပြော

0 20
0 20

မင်းဘူး၊ စက်တင်ဘာ ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း နတ်ရေကန်ဗျူဟာစခန်းက ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၅ ဦး အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီရောက်ရှိခိုလှုံလာတယ်လို့ ရုံးတာဝန်ခံက ပြောပါတယ်။

ဘက်ပြောင်းလာသူတွေဟာ နတ်ရေကန်စခန်းက အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇) လက်အောက် စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ အသက် ၃၅ နှစ် ဇော်ထွေး၊ အသက် ၁၉ နှစ် အောင်အောင်၊ အသက် ၂၇ နှစ် ဉာဏ်မြင့်မြတ်၊ အသက် ၂၉ နှစ် ဖြိုးကို၊ အသက် ၂၆ နှစ် အောင်ခိုင်တို့ဖြစ်ပြီး စက်တင်ဘာ ၉ ရက်မှာ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

” နတ်ရေကန်စခန်းရဲ့ တောထဲမှာပဲ ၄ ရက်လောက်က အစာရေစာပြတ်ငတ်ပြီး နေခဲ့ရတယ်၊ အဲ့ဒီကနေ ကျနော်တို့ကို ချိတ်ဆက်ပြီး စက်တင်ဘာ ၉ ရက် ၁၀ နာရီခွဲမှာ ကျနော်တို့စခန်းကိုရောက်ပါတယ်၊ ကျနော်တို့က သွားခေါ်ရတာပါ” လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း ရုံးတာဝန်ခံဆရာကျောင်းက ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉၊ ၁၁ နဲ့ ၁၃ က သင်တန်းဆင်းတွေဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် စကခ ၁၇ လက်အောက် ခမရ ၅၂၀ တပ်ရင်းကို ရောက်ရှိခဲ့ကာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ ရက္ခိုင်နဲ့မကွေးတိုင်းအစပ် နတ်ရေကန်စခန်းကို ပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။

” နတ်ရေကန်စခန်းမှာရှိတဲ့ တပ်မ ၉၉ တပ်တွေနဲ့ စကခ ၁၇ တပ်တွေ အချိန်းအပြောင်းလုပ်တာမှာ စကခ ၁၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းနဲ့ အခြား ၃ ရင်းတို့ဟာ နတ်ရေကန်စခန်းကိုရောက်လာတာ။ မစခ ၉၀၅ (ငဖဲအခြေစိုက်) ထဲမှာ သူတို့ ၁ ညတာတပ်စွဲပြီးတော့ နောက်တနေ့မှာ ဗျူဟာတက်တာ။ အဲ့လိုတက်တဲ့အချိန်မှာ AA နဲ့ ထိတွေ့တိုက်ပွဲတွေက အရမ်းပြင်းထန်တော့ စစ်ကော်မရှင်ဘက်က အကျအဆုံးက ၅၀၀ လောက်ကျတယ်၊ ကျတဲ့အချိန်မှာ သူတို့ ကစဥ့်ကလျားတွေဖြစ်ပြီး ထွက်ပြေးကြတာ” လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သားတွေရဲ့ထွက်ဆိုချက်ကို အထက်ပါရုံးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် AA နဲ့ ထိတွေ့တိုက်ပွဲတွေမှာအထိနာခဲ့တာကြောင့် ခမရ ၅၂၅ တပ်ရင်းမှူးအပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်လည်း ၎င်းတို့နဲ့အတူ ထွက်ပြေးလာတာဖြစ်ပြီး ၎င်းတို့ စစ်မှုထမ်း ၅ ဦးဟာ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံ ခိုလှုံရောက်ရှိလာတာဖြစ်ကာ ကျန်စစ်ကော်မရှင်တပ်သားတွေက ထွက်ပြေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းလာတဲ့စစ်ကော်မရှင်တပ်သားတွေဟာ ၂၀၂၄ အတွင်း စစ်ကော်မရှင်တပ်ရဲ့ အဓမ္မဖမ်းဆီးမှုတွေကိုခံရပြီးနောက် စစ်မှုထမ်းသင်တန်းတွေကို အသီးသီးပို့ဆောင်ခံရသူတွေဖြစ်ပါတယ်။

၎င်းတို့ ၅ ဦးနဲ့အတူ MA 3 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည်အပါ ကျည်မျိုးစုံ ၆၁ တောင့်၊ ကျည်ကာ ၃ စုံနဲ့ စစ်အသုံးအဆောင်တွေပါလာပြီး လက်ရှိမှာ စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက်ဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း အမှတ် ၁ စစ်ဒေသဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ထံ နတ်ရေကန်စခန်းကနေ ထွက်ပြေးခိုလှုံလာသူ ၉ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။