ချောက်၊ စက်တင်ဘာ ၁၄၊ ၂၀၂၅။
မကွေးတိုင်း ၊ချောက်မြို့နယ် ဂွေးချိုရွာရှိ စစ်ကော်မရှင်ဂိတ်ကနေ ခရီးသွားကားတွေနဲ့ အနီးနားက ကျေးရွာတွေကို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂွေးချိုကျေးရွာဟာ ချောက် – ကျောက်ပန်းတောင်းကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာဖြစ်ကာ ရဲနဲ့စစ်ကော်မရှင်အင်အား ၁၀ ဦးကျော်ရှိပြီး ရဲစခန်းဟာလည်း ကားလမ်းဘေးတင်ရှိတာကြောင့် နေ့စဉ်နီးပါး လမ်းတလျှောက်က လာသမျှကားဆိုင်ကယ်တွေကို စစ်ဆေးပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
“ဂွေးချိုရဲစခန်းကကျ လမ်းမကြီးပေါ်မှာလေ၊ ကားလမ်းကဂွေးချို ကျောက်ပန်းတောင်းလမ်းလေ၊ တွေ့သမျှကားတွေ လူငယ်ပါတဲ့ကားတွေဆို သူတို့ကဒယ်ဗယ်ကပ်(Double Cab) လေးနဲ့စောင့်တယ်။ သူတို့နဲ့ မိတယ်ဆိုရင်တော့ ဆွဲချသွားပြီ။ ခရီးသွားကားကြီးတွေဆိုလည်း ဘယ်ယောက်ျားသားကမှ မစီးကြတော့ဘူး အခုနောက်ပိုင်း။“လို့ ဒေသခံတဦးက ဆိုပါတယ်။
ပေါ်တာဆွဲဖမ်းဆီးတာတွေ စိပ်လာတာ ၂ လကျော်နီးပါးရှိနေပြီး အနီးနားတဝိုက်ရွာတွေက လူငယ် အမျိုးသားတွေ အဲ့ဒီလမ်းကိုမသွားရဲကြတော့ဘူးလို့ ဆိုပါတယ်။
“ဆွဲနေတာတော့ တော်တော်ကြာပြီ။ ကျောက်ပန်းတောင်းဘက်ကနေလာရင် ဂွေးချိုက ချောက်ရဲ့အစလိုဖြစ်နေတာလေ။ ဒီဘက်ကလူတွေဆိုရင် အဲ့ဘက်ကို ဆိုင်ကယ်တွေဘာတွေနဲ့ မသွားရဲကြတော့ဘူး။ ဂွေးချိုရဲစခန်းရှေ့မှာဆိုရင် ဘန်ကာအကြီးကြီးလုပ်ထားတယ်။”လို့ဒေသခံတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ခရီးသွားကားတွေ အိမ်စီးကားတွေပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ ၃၀ နီးပါးရှိနေပြီး အသက် ၁၈ ကနေ ၃၅အတွင်း အမျိုးသားအများစု ဖမ်းဆီးခံရတာလို့ ကားသမားတဦးက ဆိုပါတယ်။
ဒ့ါအပြင် ပြီးခဲ့တဲ့တလကျော်အတွင်း ဆူးရစ်ကန်ကျေးရွာက ခရီးသွားကားပေါ်ကနေ အမျိုးသား ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စလေမြို့နဲ့ချောက်မြို့ပေါ်ကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။
“ကားပေါ်ကနေဆွဲချတာက ၂၀ ကျော် ၂၅ လောက်ရှိနေပြီ။ ၁၈ နှစ်ကနေ ၃၅ အတွင်းတွေပေါ့။ ပြီးခဲ့တဲ့ ၁ လကျော်ကျော်ကဆို ဆူးရစ်ကန်ကအဖွဲ့လိုက် ၁၁ ယောက် ဂွေးချိုမှာဖမ်းပြီး စလေကို ၆ ယောက်လားမသိဘူး စလေနဲ့ချောက်နဲ့ ခွဲတမ်းဆိုပြီးယူသွားတာ။ ပတ်သက်ရာ ပတ်သင်ကြောင်းတွေနဲ့ သွားထုတ်ရင်တော့ရတယ်။ တချို့ကျလည်း (ကျပ်သိန်း) ၂၀၊ ၂၅၊ ၃၀ တချို့ကျလည်း ၇၀။ အဲ့လောက်ပေးပြီးထုတ်ကြတယ်။”လို့ ကားသမားတဦးက ဆိုပါတယ်။
ဂွေးချိုရွာအနီး ကျောက်ပန်းတောင်းနယ်အစပ်မှာ ဒေသအခေါ်ပိုက်လိုင်းဂိတ် လို့ခေါ်တဲ့ စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ၁ ခုရှိပြီး အဆိုပါဂိတ်ဟာမကွေးတိုင်းအတွင်းစစ်ဆေးမှု အများဆုံးပြုလုပ်တဲ့ ဂိတ်လို့ဆိုပါတယ်။
“ဂွေးချိုကနေဆက် ဆင်းသွားရင် ကျောက်ပန်းတောင်းကိုဝင်တယ်၊ အဲ့မှာပိုက်လိုင်းဂိတ်ဆိုပြီး ဂိတ်ကြီး ၁ ဂိတ်ရှိတယ်။ အဲ့ဂိတ်က မကွေးမှာကိုနာမည်အကြီးဆုံးဂိတ်၊ အစစ်ဆုံးဂိတ်ပဲ။ အဲ့ဂိတ်မှာက စစ်သားတွေအများကြီးထိုင်တာ။ အဲ့ဂိတ်နဲ့(ဂွေးချို)စခန်းနဲ့က အရမ်းကြီးမဝေးဘူး။“လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂွေးချိုစခန်းကနေ ကားလမ်းပေါ်တက်ဆွဲတာကလွဲလို့ ရွာထဲကိုတော့ဖမ်းဆီးတာမျိုးတွေမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ဂွေးချိုရွာထဲက အသက်၃၀ ဝန်းကျင် အမျိုးသား ၁ ဦးကို နေအိမ်အထိလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါအမျိုးသားရဲ့ ၁ အိမ်တည်းနေ ယောက်ဖဖြစ်သူကလည်း ပြီးခဲ့တဲ့ ၂ လခန့်က လမ်းတနေရာမှာ ပေါ်တာဆွဲခံခဲ့ကာ ဂွေးချိုရွာမှာ ပေါ်တာဆွဲတာမျိုးမရှိဖူးခဲ့ဘဲ သူတို့ ၂ ယောက်သာရှိသေးတယ်လို့ ဒေသခံတဦးကဆိုပါတယ်။
“ဂွေးချိုကလေ အဲ့လိုမျိုးဆွဲလေ့ဆွဲထမရှိဘူး။ ရဲစခန်းထိုင်ထားတဲ့ရွာလေ အဲ့နားအနီးတဝိုက်က ရွာတွေပဲဖိတာ။ ဂွေးချိုကကျ အချက်အခြာကျတဲ့ ရွာထဲမှာပါတယ်။ မကွေးရယ် မိတ္ထီလာရယ် ချောက်ရယ် အလယ်တည့်တည့်မှာပေါ့၊ ၃ လမ်းဆုံပေါ့။ ဂွေးချိုဂိတ်ကနဲ့ ဂွေးချိုနားရွာတွေဆီက ပတ်ဆွဲတာ ၅၀ အထက်မှာရှိတယ်၊ ဒီ ၂ လအတွင်းမှာတောင် ၁၀ ရွာဝန်းကျင်လောက်ပေါ့။” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်ဘာလ ၄ ရက်မှာ ချောက်မြို့၊ အမှတ် ၁၅ တိုးချဲ့ရပ်ကွက်ရှိ ကိုရီးယားသင်တန်းကျောင်းက သင်တန်းသာ ၁၃ ဦးအပါအဝင် ၁၆ ဦးပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် သင်တန်းသား ၁၃ ကတော့ ငွေကျပ်သိန်းဆယ်ချီပေးဖို့ ပြန်ရွေးယူခဲ့ရပါသေးတယ်။
စာတည်း – လင်း