မန္တလေး၊ စက်တင်ဘာ ၁၂၊ ၂၀၂၅။
သရဏဂုံစာသားပါသီချင်းကို DJ နဲ့ remix လုပ်ပြီး ဖွင့်တဲ့ မန္တလေးမြို့က နိုက်ကလပ်ကို စစ်ကော်မရှင်တပ်က စီးနင်းပြီး ဆိုင်ဝန်ထမ်းတွေကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စီးနင်းခံရတဲ့နိုက်ကလပ်ဟာ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃ နဲ့ ၃၆ လမ်းရှိ Cover Entertainment ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် ယမန်နေ့ညသန်းခေါင်ယံချိန်မှာ စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းကာ ဆိုင်မန်နေဂျာအပါ ဝန်ထမ်း ၈ ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

” မနေ့ကအထိတော့ Club ကဖွင့်ပါတယ်။ ဒီနေ့စပြီးချိတ်ပိတ်ထားတယ်လို့ပြောတယ်။ သိပ်မကြာလောက်ပါဘူး။ ဖမ်းမယ့်ကိစ္စလည်း ဒီဘက်(နိုက်ကလပ်) ကကြိုသိပြီးသား။အဲ့တာနဲ့အတူတူဖွင့်ထားတဲ့ World Wide KTVလည်း မူးယစ်ဆေးနဲ့ပတ်သက်ပြီးအမြဲအစီးခံနေကြပဲ။ ညကလည်း အေးအေးဆေးဆေးပါပဲ”လို့ ဖြစ်စဉ်ကိုသိရှိသူမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း အဲ့ဒီသီချင်းဖွင့်လှစ်တဲ့ နိုက်ကလပ်ကို စီးနင်းကာ ဆိုင်ဝန်ထမ်းတွေကို ဖမ်းဆီးထားတယ်လို့ ဒီကနေ့မှာ ဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ညပိုင်းက မန္တလေးမြို့ Cover နိုက်ကလပ်မှာ သရဏဂုံ ၃ ပါး စာသားပါသီချင်းကို DJ နဲ့ remix လုပ်ဖွင့်ကာ ကလပ်လာရောက်သူတွေက ကခုန်ခဲ့ကြပြီး၊ ကခုန်နေတဲ့ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်မှာ ပြန့်နှံ့လာခဲ့ပြီးနောက် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာပါ။
အဲ့ဒီသီချင်းကို DJ Violet က remix လုပ် ဖွင့်ခဲ့တာဖြစ်ပြီး သီချင်းပြုလုပ်ဖွင့်လှစ်သူနဲ့ နိုက်ကလပ်တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူဖို့ မဘသနဲ့ စစ်တပ်လော်ဘီတွေက လူမှုကွန်ယက်ကနေလှုံဆော်ခဲ့ပြီးနောက် အခုလို စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။


သီချင်းဖွင့်လှစ်ကခုန်ခဲ့တဲ့အပေါ် စက်တင်ဘာ ၁၁ ရက်မှာ DJ Violet က ၎င်းရဲ့လူမှုကွန်ယက်ကနေ တောင်းပန်စာတင်ခဲ့သလို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ် သံဃမဟာနာယအဖွဲ့ထံ သွားရောက်တောင်းပန်ကာ ခံဝန်ထိုးခဲ့တာကြောင့် မြို့နယ်သံဃနာယကဥက္ကဌဆရာတော်က ” သူ့ကို ခွင့်လွှတ်နားလည်ပေးကြဖို့” လည်း လူမှုကွန်ယက်မှာတင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – မြတ်