အုတ်ဖို၊ စက်တင်ဘာ ၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကန်သာယာကျေးရွာမှာ အုပ်ချုပ်ရေမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၅၊ပြန်ကြားရေးတာဝန်ခံ ရိုးမမြေဆီက သိရပါတယ်။
ပစ်သတ်ခံရသူက ကန်သာယာအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၆၀ ကျော်အရွယ် ဦးထွန်းသိန်း ဖြစ်ပြီး စက်တင်ဘာ ၆ ရက် ည ၇ နာရီခွဲမှာ ပျူစောထီး ခေါင်းဆောင် ကိုလှရွှေရဲ့နေအိမ်ရှေ့မှာ စကားပြောနေကြစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့က ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“အုပ်ကြီးက ပျူခေါင်းဆောင်လှရွှေအိမ်ရှေ့မှာ နှစ်ယောက် စကားပြောနေတာကို ဝင်ပစ်တာ၊ အုပ်ကြီးထွန်းသိန်းခေါင်းကို ကျည် ၃ ချက်မှန်ပြီးသေတယ်။ အုပ်ကြီးက ခေတ်အဆက်ဆက် စစ်တပ်ထောက်တိုင်လုပ်လာတာ”လို့ တာဝန်ခံရိုးမမြေက ပြောပါတယ်။
ပစ်ခတ်ချိန်အတွင်း ပျူစောထီးခေါင်းဆောင် ကိုလှရွှေကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနေအိမ်ကနေ စစ်မှုထမ်းစာရွက်တွေနဲ့ အခြားစာရွက်စာတမ်းတွေကို ယူဆောင်ကာ ကာကွယ်ရေးအဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့လဲ ဆိုပါတယ်။
“ပျူခေါင်းဆောင်လှရွှေက ထွက်ပြေးသွားပြီး စတွေဆီ ဖုန်းဆက်အကြောင်းကြားလို့ လက်နက်ကြီး ၂ လုံးနဲ့ စတွေရွာထဲကို ပစ်တယ်။ အုပ်ကြီးအိမ်ထဲဝင်ရှာတော့ စစ်မှုထမ်းရမယ့် လူငယ်တွေနာမည်စာရင်းပါတဲ့ စာရွက်နဲ့ တခြားစာရွက်စာတမ်းတွေသိမ်းရတာ တခါထဲမီးရှို့ပစ်တယ်” လို့ တာဝန်ခံရိုးမမြေက ပြောပါတယ်။
အုတ်ဖိုမြို့နယ်၊ စစ်တောကျေးရွာရာအိမ်မှူး အသက် ၅၀ ကျော်အရွယ် ဦးသန်းစိုးကိုလည်း စက်တင်ဘာ ၇ ရက် မနက် ၁၁ နာရီခွဲမှာ သူ့နေအိမ်ကနေ လယ်တဲကိုဘေးတွဲဆိုင်ကယ်နဲ့အလာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းမှာစောင့်ပြီး ပစ်ခတ်ရာသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း