အုတ်ဖိုမှာ ရာအိမ်မှူးတဦး ပစ်သတ်ခံရ

0 446
0 446

အုတ်ဖို၊ စက်တင်ဘာ ၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ စစ်တောကျေးရွာမှာ ရာအိမ်မှူးတဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူက စစ်တောကျေးရွာရာအိမ်မှူး အသက် ၅၀ ကျော်အရွယ် ဦးသန်းစိုးဖြစ်ပြီး စက်တင်ဘာ ၇ ရက် မနက် ၁၁ နာရီခွဲမှာ သူ့နေအိမ်ကနေ လယ်တဲကိုဘေးတွဲဆိုင်ကယ်နဲ့အလာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းမှာစောင့်ပြီး ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူအိမ်နဲ့လယ်က တမိုင်လောက်ကွာတယ်။ သူကဆိုင်ကယ်နဲ့စီးလာတဲ့ အချိန် လမ်းမှာစောင့်ဆိုင်းပစ်ခတ်ခဲ့တာ။ ဦးခေါင်းကို တချက်၊ ရင်ဘတ်ကို နှစ်ချက်ပစ်ခဲ့လိုက်တာ”လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံမိုးသီးက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ရာအိမ်မှူး ဦးသန်းစိုးဟာ နေရာမှာတင်သေဆုံးသွားပြီး သူ့ဆီမှာ ဗုံးသီး ၁ လုံး၊ ပစ္စတိုသေနတ် ၁ လက်ရှိတယ်လို့သတင်းရထားပေမယ့် ပစ်ခတ်ချိန်က လမ်းမှာဖြစ်နေတာကြောင့် အဆိုပါ ပစ္စည်းတွေတော့ သိမ်းဆည်းရမိတာမရှိဘူးလို့ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ညနေပိုင်းလောက်မှာ စစ်ကော်မရှင်အဖွဲ့တွေကျေးရွာထဲကို ရောက်လာပြီး ရာအိမ်မှူး ဦးသန်းစိုးနေအိမ်က လက်နက်တွေကိုပြန်သိမ်းသွားတာလို့သိရကြောင်း တာဝန်ခံမိုးသီးက ပြောပါတယ်။

ရာအိမ်မှူး ဦးသန်းစိုးဟာ ကျေးရွာထဲမှာ စစ်မှုထမ်းကြေးကို ဦးဆောင်လိုက်ကောက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ သတင်းကိုလိုက်လံစုံစမ်းနေသူဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းရတာဖြစ်တယ်လို့ ကိုမိုးသီးကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၅ ရက် ည ၆ နာရီကျော်မှာလည်း အုတ်ဖိုမြို့နယ်၊ ဖလန်ပင်ကျေးရွာမှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး အသက် ၅၇ အရွယ် ဦးမြင့်ရွှေဆိုသူ ပစ်သတ်ခံခဲ့ရပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။