မြေလတ်အသံ၊ စက်တင်ဘာ ၇၊ ၂၀၂၅။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
စစ်တင်ဘာ ၆ ရက် ယမန်နေ့က တရုတ်နိုင်ငံကနေ ပြန်ရောက်လာချိန် နေပြည်တော်လေဆိပ်မှာ စစ်ကော်မရှင်ကို ထောက်ခံရေးသားနေတဲ့ မီဒီယာတွေကို ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး ဆေးကုသခွင့် ပိတ်ပင်ခံထားရကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်က အခုလိုတုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးသတင်းဟာ ၎င်းတို့စစ်ကော်မရှင်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်သတင်းမှေးမှိန်အောင် သတင်းတုထုတ်လွှင့်တာဖြစ်တယ်လို့ သူက စွပ်စွဲပါတယ်။
“ဒီခရီးစဥ်(တရုတ်ခရီးစဥ်)ကို မှေးမှိန်လိုတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံကို မလိုလားတဲ့ ကျနော်တို့ တိုးတက်မှာကို မလိုလားတဲ့သူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်က ပုဒ်မအများအပြားနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး နေပြည်တော်မှာ ချုပ်နှောင်ထားတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါဆိုးရွားစွာခံစားနေရပြီး ဆေးကုသခွင့်တောင်းဆိုပေမယ့် ပိတ်ပင်ခံထားရကာ စိုးရိမ်ရကြောင်း သားဖြစ်သူက နိုင်ငံတကာသတင်းဌာနတွေကတဆင့် ပြောဆိုထားတာလည်း ဖြစ်ပါတယ်။