နတ်မောက်မှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး

0 39
0 39

နတ်မောက်၊ စက်တင်ဘာ ၆၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရုံးပင်ကွက်ကျေးရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၆ ရက် ဒီနေ့လယ် ၁၂ နာရီခန့်မှာ စစ်ကော်မရှင်ဘက်ကနေ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားတာမရှိဘဲ စက်တပ်လေထီးနဲ့ ကျေးရွာတောင်ဘက် ယာတဲတွေဘက်ကို ဗုံး ၃ လုံးကြဲချသွားတယ်လို့ဆိုပါတယ်။

“တယောက်ကတော့ အစနကိုရှာမရတော့ဘူး။ ကောက်လို့မရဘဲ စုတ်ပြတ်သတ်သွားတယ်။ နွားစာစဥ်းနေတဲ့ သူက စဥ်းနေတာ။ နွားစာလှောင်တဲ့တဲပေါ်ကိုတည့်ကျတာ”လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့ တာဝန်ခံကပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၄၀ အရွယ် ဦးဇော်ထွန်းနေရာမှာသေဆုံးပြီး သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ်မှာ လက်ပြတ်၊ ဆွေမျိုးတော်သူ ဦးဝင်းပုမှာ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူ အမျိုးသားရဲ့အသားစတွေကို လိုက်ကောက်ပြီး ဒေသခံတွေကချက်ချင်းသင်္ဂြိုဟ်လိုက်ရသလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း နီးစပ်ရာဆေးခန်းပို့ပြီးဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ရုံးပင်ကွက်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ကျေးရွာက ဒေသခံအများစုလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဩဂုတ် ၃၀ ရက်ကလည်း နတ်မောက်မြို့နယ်၊ သနပ်ပေါက်ကျောတဲတိုက်တွေအတွင်းကို စက်တပ်လေထီးနဲ့ဗုံးကြဲခံရတာကြောင့် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး ဖခင်ဖြစ်သူဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။