ပုလဲနယ်က ရက်ရှည်စစ်ရှောင်တွေကို PLA ကျန်းမာရေးစောင့်ရှောက်မှုပေး

0 14
0 14

ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေလို့ အရေးပေါ်လိုအပ်နေ

ပုလဲ၊ စက်တင်ဘာ ၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ရက်ရှည်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက်ကစလို့ ပုလဲမြို့နယ်ထဲက စစ်ရှောင်အိမ်ထောင်စု ၃,၀၀၀ ကျော်နေထိုင်နေတဲ့နေရာကိုသွားရောက်ကာ အဲ့ဒီကအိမ်ထောင်စု ၂၀၀ အတွက် ဆေးကုသမှုပေးပြီး အိမ်ထောင်စု ၅၀ အတွက် ဆန်၊ အိမ်ထောင်စု ၂၀ အတွက် အသုံးစရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးကုသမှုပေးတာ ၂၀၀ ဝန်းကျင်ရှိပါပြီ။ ဆက်ကုသမှုပေးမှာပါ။ လက်ရှိတော့ တပ်ရိက္ခာ၊ ရန်ပုံငွေထဲက အိမ်ထောင်စု ၅၀ ခန့်ကို ဆန် ၁ တင်းနဲ့ အိမ်ထောင်စု ၂၀ ကျော်ကို ၁ သိန်း ထောက်ပံ့ပေးထားပါတယ်။”လို့ PLA အနောက်မြောက်စစ်ဒေသ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဖမ်းဆီးတာတွေကြောင့် ဩဂုတ် ၁၆ ရက်ကစလို့ နေရပ်တိမ်းရှောင်နေကြရတာဖြစ်ပြီး ၂ ပတ်ကျော်ကြာ တိမ်းရှောင်နေကြရတာကြောင့် ရိက္ခာနဲ့ ဆေးဝါးပြတ်တောက်မှုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပုလဲ-ဂန့်ဂေါလမ်းပိုင်းတလျှောက်ကရွာတွေကိုတပ်စွဲပြီး ပုလဲမြို့ကနေ ကန့်ဒေါင့်ရွာအထိ ကင်းယူထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် အဆိုပါလမ်းပိုင်းတလျောက်ရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်းက ဒေသခံသောင်းနဲ့ချီ ဩဂုတ် ၁၆ ရက် မတိုင်ခင်ကစလို့ ရက်ရှည်စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

တချို့စစ်ဘေးရှောင်တွေမှာ ရိက္ခာနဲ့ ဆေးဝါးအကူအညီ လုံးဝပြတ်လပ်သွားတဲ့အထိကြုံတွေ့နေရပြီး အရေအတွက်ကတော့ PLA ဘက်ကရရှိထားတဲ့ စာရင်းတွေထက်များနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ခန့်မှန်းပြောဆိုပါတယ်။

“ဖျားနာတာနဲ့ ကိုယ်ခံအားနည်းတာ၊ သက်ကြီးရောဂါတွေပါ။ ဆေးဝါးတွေကတော့ တပ်ဆေးအဖွဲ့က ဆေးဝါးတွေနဲ့ ကုတာပါ။ အဲ့ဒါတွေက (ရိက္ခာပြတ်လပ်မှု) ကြုံတွေ့နေရပြီး ကျနော်တို့ ရထားတဲ့ အရေအတွက်ထက်များနိုင်တယ်။”လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်အများစုဟာ လယ်သမားတွေဖြစ်ပြီး နည်းပါးလာတဲ့ ရိက္ခာကိုခြွေတာ စားသောက်နေရကာ ရက်ရှည်စစ်ရှောင်ရမယ့်အနေအထားဖြစ်တာကြောင့် ရိက္ခာနဲ့ ဆေးဝါးတွေမရရင် စစ်ကော်မရှင်တွေအထိုင်ချထားတဲ့ ၎င်းတို့နေအိမ်တွေကိုပြန်နေရမယ့်အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့စစ်ရှောင်တွေမှာလည်း လမ်းဘေးနေရာတွေမှာ ဖြစ်သလိုနေထိုင်နေကြရပြီး အငတ်ဘေးလည်း ကြုံရနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“ရှိတာနဲ့ စားကြတာပါ။ အများစုက လယ်သမားတွေ။ ရက်ရှည် စစ်ရှောင်ရမယ့်သဘောရှိတယ်။ ဆေးဝါးတွေ၊ အမျိုးသမီးလစဉ်သုံးတွေ၊ ဆန်၊ ဆီ၊ ဆား တွေ လိုလောက်တယ်။ ရိက္ခာတွေ မရဘူး၊ မရှိဘူးဆိုရင်တော့ ငတ်ကြမှာ။ ရွေးချယ်စရာ မရှိတော့ဘူးဆိုရင်တော့ စစ်တပ်ထိုင်နေတဲ့ သူတို့ရွာတွေကို ပြန်နေရတာတွေ ဖြစ်နိုင်တယ်။” လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဘက်က ပုလဲ-ဂန့်ဂေါလမ်းအပြင် နိုင်ငံတဝှမ်း ဆေးဝါးနဲ့ ကုန်စည်တင်သွင်းခွင့် ပိတ်တာနဲ့ သယ်ယူရေးလမ်းကြောအခက်အခဲတွေကြောင့် အခုလို ရိက္ခာနဲ့ ဆေးဝါး ပြတ်တောက်မှုတွေ ကြုံတွေ့နေရတာလို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာက အသက် ၇၀ ကျော်အရွယ်အမျိုးသမီး ၂ ဦးလည်း ဩဂုတ် ၂၈ ရက်က ယာစောင့်တဲတခုမှာ အစာရေစာပြတ်တောက်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။