ပေါ်တာဆွဲခံရတဲ့ ဘာသာစကားသင်တန်းသား လူငယ် ၁၃ ဦး ကျပ်သိန်း ၅၀ အထက်စီငွေပေးရပြီး ပြန်လွတ်

0 65
0 65

ချောက်၊ စက်တင်ဘာ ၆၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၁၅ တိုးချဲ့ရပ်ကွက် ကိုရီးယားသင်တန်းကျောင်းက ပေါ်တာဆွဲဖမ်းဆီး ခံထားရတဲ့သင်တန်းသား ၁၃ ဦး ပြန်လွတ်လာတယ်လို့ ပြည်သူ့ညီနောင် – စလင်းအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ညနေပိုင်းမှာ ၉ ဦး၊ စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းမှာ ၄ ဦး ပြန်လွတ်လာတာဖြစ်ပြီး ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိထိုးကာ ငွေကျပ်သိန်း ၅၀ မှ သိန်း ၇၀ အတွင်း ငွေပမာဏနဲ့ မိသားစုဝင်တွေက ပြန်ရွေးခဲ့ကြရတာလို့ ဆိုပါတယ်။

“ခံဝန်ကတိက ဘယ်လိုမျိုးတွေ ထိုးရသလဲတော့ ကျနော်လည်း မပြောတတ်ဘူး၊ သူတို့ခံဝန်ကတိတွေနဲ့ လက်မှတ်ထိုးပြီးမှ သိန်း ၅၀၊ သိန်း ၆၀၊ သိန်း ၇၀ ပေးပြီးရွေးရတယ်၊ ကျောင်းသားမိဘတွေက သွားရွေးကြတာ၊ ၁၃ ဦးလုံးကတော့ သူတို့နေအိမ်တွေမှာ ပြန်ရောက်ပါပြီ၊” လို့ ပြည်သူ့ညီနောင် – စလင်းအဖွဲ့ တာဝန်ခံ ကိုပြည်သူက ပြောပါတယ်။

အဆိုပါသင်တန်းသား ၁၃ ဦးဟာ စလင်းမြို့နယ် ကျေးရွာတွေကနေ သင်တန်းလာတက်နေသူတွေဖြစ်ပြီး လက်ရှိမှာ စစ်ကော်မရှင်လက်ကနေပြန်လွတ်လာပြီးနောက် နေထိုင်ရာကျေးရွာတွေကို ပြန်လည်ရောက်ရှိသွားပြီလို့ သိရပါတယ်။

စက်တင်ဘာ ၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ အထက်ပါ ဘာသာစကားသင်တန်းကျောင်းက သင်တန်းသား ၁၃ နဲ့ တရပ်ကွက်တည်းရှိ ‘ကော်နာ’ စားသောက်ဆိုင်က စားပွဲထိုးလူငယ်အမျိုးသား ၃ ဦးတို့ကို စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဒီဖမ်းဆီးမှုကို ထွေအုပ်ရုံးမှာထိုင်တဲ့ ချောက်မြို့နယ်စစ်ကော်မရှင်အဖွဲ့ဝင် ၁ DSA အပတ်စဥ် ၄၇ ဆင်း ဝါဇီတပ်က ဗိုလ်မှူး တင်ထွန်းဦးအမိန့်နဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

သင်တန်းသား ၁၃ ဦးပြန်လွတ်လာပေမယ့် စက်တင်ဘာ ၆ ရက်ထိ ချောက်မြို့ခံ စားပွဲထိုးလူငယ် ၃ ဦးကတော့ ငွေမပေးနိုင်တာကြောင့် ချောက်မြို့မရဲစခန်းမှာ ဆက်လက်ချုပ်နှောင်ထားတယ်လို့ ပြည်သူ့ညီနောင် – စလင်းအဖွဲ့တာဝန်ခံ ကိုပြည်သူက ပြောပါတယ်။

ခုလိုစစ်ကော်မရှင်တပ်တွေရဲ့ စီးနင်းဖမ်းဆီးမှုတွေရှိနေတာကြောင့် ဒေသခံတွေအနေနဲ့လည်း ည ၈ နာရီထိုးတာနဲ့ နေအိမ်ပြင်မထွက်ရဲဘဲ အသွားအလာနည်းသွားကြတယ်လို့ သိရပါတယ်။

ချောက်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက မကြာခဏပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေပြီး ဩဂုတ် ၂၇ ရက်ကလည်း ချောက်မြို့ပေါ်ရှိ ဖုန်းဆိုင်တွေက ဝန်ထမ်းလူငယ်တွေကို စစ်ကော်မရှင်အဖွဲ့တွေ က ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။