ကာလရှည်တပ်ပြင်ထွက်ခွင့်ပိတ်ခံထားရတဲ့ ပြင်ဦးလွင်ကဗိုလ်လောင်းတွေ အကန့်အသတ်နဲ့ထွက်ခွင့် ပြန်ရ

0 14
0 14

ပြင်ဦးလွင်၊ စက်တင်ဘာ ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အခြေစိုက် စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ အကန့်အသတ်နဲ့တပ်ပြင်ထွက်ခွင့် ပြန်ရခဲ့တယ်လို့ စစ်တက္ကသိုလ်နဲ့နီးစပ်သူတွေနဲ့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ် ၃၁ ရက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ စစ်တက္ကသိုလ်(DSA)နဲ့ စစ်နည်းပညာတက္ကသိုလ်(DSTA) က ဗိုလ်လောင်းတွေကို တပ်ပြင်ထွက်ခွင့်(Outpass)ကို မနက် ၁၀ နာရီကနေ နေ့ လယ် ၁ နာရီအထိ နေရာတွေသတ်မှတ်ကန့်သတ်ကာ ပြန်လည်ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။

” အဓိကက မြို့တွင်းကိုလုံခြုံရေး ပေးထားပြီး မြို့ထဲကိုထွက်ခွင့်ပေးထားတာ။ အဲ့ဒီနေ့က မြို့တွင်းလည်းနည်းနည်း အစစ်အဆေးကြပ်တယ်။ ဈေးသည်တွေကတော့ ဈေးရောင်းရလို့ ပျော်နေကြတယ်” လို့ ပြင်ဦးလွင်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြင်ဦးလွင်မြို့တွင်း Outpass သွားရောက်မယ့် ဗိုလ်လောင်းတွေအနေနဲ့ မန္တလေးဘက်အထွက်ကို DSA ကျောင်း၊ နောင်ချိုမြို့ဘက်အထွက်ကို Ruby Mart အထိသာခွင့်ပြုထားပြီး ပြင်ပဧည့်သည်နဲ့တွေ့ ဆုံခွင့်ကိုလည်း ပြန်လည်ခွင့်ပြုခဲ့ကာ ဗိုလ်လောင်းတွေကို တပ်ပြင်ထွက်ခွင့်ပေးခဲ့တဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မြို့တွင်းစစ်ဆေးမှုတွေ ပိုမိုတင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်လောင်းတွေအနေနဲ့ ယခင်ကအပတ်စဥ်တနင်္ဂနွေနေ့နဲ့ အခါကြီးရက်ကြီးတွေမှာ တပ်ပြင်ထွက်ခွင့်(Outpass) တပတ်တရက်ရရှိခဲ့ပေမယ့် ကိုဗစ်ကာလကစလို့ တပ်ပြင်ထွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီးနောက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပြင်ဦးလွင်မြို့အနီးအထိရောက်ရှိလာတဲ့ တိုက်ပွဲတွေကြောင့် တပ်ပြင်ထွက်ခွင့်ကို ၅ နှစ်ကျော်ကြာ ကာလရှည်ဆက်လက်ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်စစ်အာဏာသိမ်းပြီးနောက် ဗိုလ်လောင်းတွေရဲ့သင်တန်းဆင်းခွင့်ရက်ရှည်တွေကိုလည်း ပြန်လည်ကန့်သတ်ခဲ့ပြီး ကျောင်းတွင်းစည်းကမ်းတွေကိုလည်း ယခင်ထက်ပိုမိုတင်းကျပ်ခဲ့တယ်လို့ ကျောင်းတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တပ်တွင်းအခြေအနေတွေကြောင့် စစ်တက္ကသိုလ်ကျောင်းတွေကို ဝင်ရောက်လျှောက်ထားသူနည်းပါးခဲ့လို့ စစ်ကော်မရှင်ဘက်က ဗိုလ်လောင်းခေါ်ယူမှုတွေမှာ အသက်ကန့်သတ်ချက်တွေကို နှစ်စဥ်ဖြေလျှော့ပေးနေသလို ပြင်ဦးလွင်မြို့အနီးအထိရောက်ရှိလာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဗိုလ်လောင်းတွေရဲ့ လုံခြုံရေးအတွက် စစ်တက္ကသိုလ်ကျောင်းတွေကို နေပြည်တော်ကို ရွှေ့ပြောင်းမယ့်သတင်းတွေလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ပေါ်ထွက်လာခဲ့တာပါ။

ဗိုလ်လောင်းသင်တန်းဆင်းပွဲတွေကိုတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လုံခြုံရေးအထူးတင်းကျပ်ကာ နှစ်စဥ်ပုံမှန်တက်ရောက်လေ့ရှိပေမယ့် ဗိုလ်လောင်းမိဘတွေကို သင်တန်းဆင်းပွဲကို ဖိတ်ကြားတာတွေ မရှိတော့ဘူးလို့ သိရပါတယ်။

သတင်း – မြတ်၊ စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။