မြတ်၊ ကျော်ကြီး
မြစ်ငယ်၊ စက်တင်ဘာ ၁၊ ၂၀၂၅။
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်ဆာကား ၁ စီး ဝင်တိုက်မိပြီး မီးလောင်ကာ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁ ရက် ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်မှာ စစ်ကိုင်း-မြစ်ငယ်ကားလမ်းဘေးက “ကောင်းကောင်းနန်းတော် စားဥယျာဉ်” စားသောက်ဆိုင်ကို ဆီဘောက်ဆာကားဝင်တိုက်မိပြီး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

“ဆိုင်ကယ်ကိုရှောင်ရင်း စားသောက်ဆိုင်ကိုဝင်တိုက်မိတာ။ မနက်စာစားချိန်ဆိုတော့ လူစည်နေတဲ့အချိန်ဖြစ်တာ။ ၃ ဦးသေပြီးဒဏ်ရာရတဲ့သူများတယ်။ သေတဲ့သူတွေက စားသုံးသူလား ဝန်ထမ်းလားမသိရသေးဘူး”လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် ဆီဘောက်ဆာကားရော စားသောက်ဆိုင်ပါ ပျက်စီးမှုတွေရှိခဲ့ပြီး မြို့နယ်မီးသတ်၊ အရန်မီးသတ်နဲ့လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကူညီမီးငြှိမ်းသတ်နေတယ်လို့သိရကာ သေဆုံးသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ စိစစ်နေတယ်လို့ နောက်ထပ် ကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

“ဆီဘောက်ဆာက ဆိုင်ကိုဝင်တိုက်တာ။ ဘယ်လိုဖြစ်တာတော့မသိဘူး။ မီးတွေလောင်တာ။ လူရုပ်တွေတောင်မှန်းလို့မရသေးဘူး။ အကုန်လုံးက မဲတူးနေတာ။ ကျား၊ မ ခွဲမရသေးဘူး။ “လို့ ကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။
ဆီဘောက်ဆာကားတိုက်တဲ့အချိန်ပေါက်ကွဲပြီး တပြိုင်ထဲမီးလောင်ခဲ့တာဖြစ်ပြီး ယာဉ်မောင်းကို ဖမ်းမိထားတယ်လို့ သိရပါတယ်။