မြေလတ်အသံ၊ စက်တင်ဘာ ၁၊ ၂၀၂၅။
ပရီးမီးယားလိဂ် ပွဲစဉ် ၃ တနင်္ဂနွေညရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းက အန်ဖီးမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ အာဆင်နယ်က ကစားပုံကောင်းခဲ့ပေမယ့် လုံလောက်တဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့သလို လီဗာပူးလ်ဘက်က ကန်သွင်းချက်တွေကိုလည်း အာဆင်နယ်ဂိုးသမား ရာယာက အလွယ်တကူကာကွယ်ထားနိုင်ခဲ့ပြီး နှစ်သင်းလုံး ကွင်းလယ်အားပြိုင်မှုနဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ အိမ်ရှင်းလီဗာပူးလ်က ပိုမို ဖိအားပေးတိုက်စစ်ဆင်လာပြီး အာဆင်နယ်ခံစစ်ကို ကျော်လွှားဖို့ ကြိုးစားခဲ့ပေမယ့် ဒုတိယပိုင်း အစောပိုင်း မိနစ်တွေမှာ လီဗာပူးလ်ရဲ့တိုက်စစ်ကို အာဆင်နယ်က အကောင်းဆုံး ခုခံထားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၈၁ မိနစ်မှာ အာဆင်နယ်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ ဖျက်ထုတ်မှုကြမ်းတမ်းခဲ့လို့ အဝါကဒ် ပြသခံခဲ့ရပြီး ပြစ်ဒဏ်ဘောခွင့်ပြုပေးခဲ့ရကာ အဲ့ဒီပြစ်ဒဏ်ဘောကို ညာနောက်ခံနေရာမှာ ဝင်ရောက်ကစားပေးနေရတဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘော့စလိုင်း က လှလှပပနဲ့ တိုက်ရိုက်ကန်သွင်းပြီး ဂိုးအဖြစ် ရယူနိုင်ခဲ့တာပါ။
အဲ့ဒီနောက် လက်ကျန်မိနစ်တွေမှာတော့ အာဆင်နယ်အသင်းက တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် လီဗာပူးခံစစ်နဲ့ ဂိုးသမားကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ အန်ဖီးကနေ အာဆင်နယ်တို့ အမှတ်ဗလာ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ချန်ပီယံခြေစွမ်းကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ခဲဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီဆက်တိုက် အဆင့် ၂ နေရာပဲ ရယူထားနိုင်တဲ့ အာဆင်နယ်အသင်းကတော့ ဒီရာသီ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေဖို့ဆိုရင် ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ ပြသနိုင်ဖို့ လိုနေတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၃ အပြီးမှာတော့ လီဗာပူးလ်က အဆင့် ၁ နေရာ၊ ချဲလ်ဆီးက အဆင့် ၂ နေရာနဲ့ အာဆင်နယ်က အဆင့် ၃ နေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်။