ရေကြီးလို့ ထပ်မံပြောင်းရွှေ့နေရတဲ့ တောင်ငူဒေသခံထောင်ချီအတွက် ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထား

0 23
0 23

တောင်ငူ၊ ဩဂုတ် ၃၁၊ ၂၀၂၅။

စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ထပ်မံရောက်ရှိလာတာကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ အနိမ့်ပိုင်းကျေးရွာတွေနဲ့ရပ်ကွက်တွေက လူဦးရေ ၁,၀၀၀ ဝန်းကျင် နေအိမ်တွေကနေ ရွှေ့ပြောင်းနေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဩဂုတ် ၃၀ ရက်မှာ မိုးသည်းထန်စွာရွာတာကြောင့် စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၂၅ စင်တီမီတာမြင့်တက်လာခဲ့ပြီး ဩဂုတ် ၃၁ ရက်မနက်မှာ စိုးရိမ်ရေမှတ်အထက် ၄၃ စင်တီမီတာထိတိုးလာတဲ့အတွက် ဒီမနက်မှာ စတင်ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။

“ရေက များလာတယ်ပြောရမယ်။ နီးစပ်ရာနေရာတွေမှာတော့ ရွှေ့ပြောင်းနေရတယ်။ အိမ်ထောင်စုကတော့ ရာဂဏန်းလောက်တော့ ရွှေ့နေရတယ်။ ရေဝင်တာ ရွာ ၂၀ လောက်တော့ရှိမယ်။ ရေကတော့ ညကထက်တော့ များလာတယ်။ “လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ မိုးလည်းဆက်ရွာနေပြီး မြစ်ရေဆက်တိုးနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ရေကို ဆက်လက်စောင့်ကြည့်နေရကာ မြစ်ရေထပ်တိုးလာပါက ပြောင်းရွှေ့ရမယ့်အိမ်ထောင်စုတွေလည်း ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

ကမ်းနီ၊ မြစ်ကြီးပေါက်၊ ရှမ်းစု၊ သဖန်းပင်၊ ဇီးဖြူပင်၊ ကြက်လျှာစွန်း၊ သဖန်းပင်၊ ဒိုင်နယ်၊ ဒိုးသောင်၊ ကယားပြုံးချောင်း၊ သရက်တော၊ ရှမ်းဝါးတီရွာတွေအပါအဝင် ရပ်ကွက်ကျေးရွာ ၂၀ ခန့်မှာ ရေဝင်နေပြီး အနိမ့်ပိုင်းတွေမှာ ရေအမြင့် ၄ ပေကျော်ထိရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်ငူမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၂၀ ကျော်ဖွင့်လှစ်ထားပြီး ဒေသခံတွေကတော့ နီးစပ်ရာကုန်းမြင့်တွေနဲ့ အဆိုပါကယ်ဆယ်ရေးစခန်းတွေမှာလည်း လာရောက်နေထိုင်နေကြကာ စားနပ်ရိက္ခာတွေတော့ လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်ငူမြို့နယ်မှာ ယခုအကြိမ်ရေကြီးတာက စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ဩဂုတ်လ ပထမအပတ်အတွင်းမှာ တတိယအကြိမ်၊ ဇူလိုင်လအတွင်းမှာ ဒုတိယအကြိမ်နဲ့ ဇွန်လ တတိယအပတ်မှာ ပထမအကြိမ်ရေကြီးမှုဖြစ်ပေါခဲ့ပြီး လူဦးရေ ၂၀,၀၀၀ နီးပါး ရွှေ့ပြောင်းရတာတွေ ရှိခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။