စလင်း၊ ဩဂုတ် ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်တွေကို ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို ဖြန့်ဝေပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဩဂုတ် ၁၈ ရက်ကနေ ၃၀ ရက်အထိ စလင်းမြို့နယ်အတွင်း စလင်းပကဖ နယ်မြေစိုးမိုးထားတဲ့ ဒေသတွေမှာ လက်ကမ်းစာစောင် ၂,၀၀၀ ကျော်ကို ဖြန့်ဝေပေးခဲ့တာလို့ ဆိုပါတယ်။


“လက်ကမ်းစာစောင်တွေထဲမှာတော့ လေကြောင်းတိုက်ခိုက်ခံလာရရင် ဘယ်လိုရှောင်တိမ်းရမလဲဆိုတာတွေ၊ ဘယ်လိုပြုမူရမလဲဆိုတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုခံရရင် ပုန်းခိုဖို့ ဗုံးခိုကျင်းတွေကို ဗုံးဒဏ်ခံနိုင်အောင် ဘယ်လိုဆောက်လုပ်ရမလဲဆိုတာတွေပါထည့် သွင်းဖော်ပြထားပေးပါတယ်၊” လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ M4 က ပြောပါတယ်။



စစ်ကော်မရှင်တပ်ဘက်က နေရာအနှံ့လေကြောင်းတိုက်ခိုက်မှုမြင့်တက်လာတာကြောင့် ပြည်သူတွေအတွက် အသိပေးစာစောင်ထုတ်ဝေပေးခဲ့တာဖြစ်ပြီး ယခင်ကလည်း လေကြောင်းရန်၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးဟောပြောမှုတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။



ဒါ့အပြင် ဒေသခံတွေအနေနဲ့လည်း လေကြောင်းရန်ကိုမပေါ့ဆဖို့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ကြိုတင်ပြင်ဆင်မှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တာဝန်ခံ M4 က အသိပေး ပြောဆိုထားပါတယ်။
စာတည်း – လင်း