စစ်တပ်ကဗုံးကြဲလို့ စိုက်ပျိုးရေးလုပ်နေတဲ့ သားဖ ၂ ဦးထိခိုက်ပြီး သမီးဖြစ်သူသေဆုံး

0 42
0 42

နတ်မောက်၊ ဩဂုတ် ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံသာကျေးရွာ၊ စက်တောကျေးရွာ၊ ကျောက်အိုးကျေးရွာကြားရှိ ဒေသအခေါ် သနပ်ပေါက်ကျောတဲတိုက်တွေအတွင်းကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဖခင်ဖြစ်သူဒဏ်ရာရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။

ဩဂုတ် ၃၀ ရက်မနက် ၉ နာရီကျော်မှာ မိတ္ထီလာဘက်ကတက်လာတဲ့ စက်တပ်လေထီး ၄ စီးထဲက ၁ စီးက ဗုံး ၄ လုံးကြဲချခဲ့ချိန် သနပ်ပေါက်ကျောတဲတိုက်မှာနေထိုင်ပြီး စိုက်ပျိုးရေးလုပ်နေကြတဲ့ သားအဖ ၂ ဦးကို ဗုံးစထိမှန်ပြီး ထိခိုက်သေဆုံးခဲ့ကြတာပါ။

“ဖအေက လယ်ထဲတဲဘေးမှာ ငရုပ်ခင်းဆေးဖြန်းနေတာ။ သမီးဖြစ်သူက ပေါင်းပေါက်နေချိန်မှာ ထိတာ။ အဲ့နားကတော်လှန်ရေးအဖွဲ့လည်းမရှိဘူး။ တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်ကြောင်းထိုးတာလည်း မရှိဘူး”လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၂၆ နှစ်အရွယ် မအေးမာစိုးမှာ ဦးခေါင်းနဲ့နံကြားဗုံးစမှန်ပြီးနေရာတင်သေဆုံးသွားသလို ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် စောလင်းဆိုသူမှာလည်း နောက်ကျောပေါက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နွား ၁ ကောင်သေဆုံးပြီး သူတို့နေထိုင်တဲ့ တဲ ၁ လုံး ပျက်စီးသွားတယ်လို့သိရကာ ဦးစောလင်း ကိုတော့ နီးစပ်ရာဆေးခန်းကိုပို့ဆောင်ပြီး ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ညပိုင်းကလည်း နတ်မောက်မြို့နယ်၊ လဲ့ဘူးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ သြဂုတ် ၂၉ ရက်ထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၇,၁၅၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။