စစ်တပ်က စွန့်လွှတ်ပြီးသား တပ်ပိုင်မြေတွေရဲ့ ပိုင်ဆိုင်မှု ပုံစံ-၇ကို ပြန်အပ်ခိုင်း

0 2
0 2

သာယာဝတီ၊ မတ် ၂၅၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာအုပ်စုအတွင်းက မူရင်းပိုင်ရှင် တောင်သူတွေဆီ စွန့်လွှတ်ပြီးဖြစ်တဲ့ တပ်ပိုင်မြေတွေရဲ့ ပိုင်ဆိုင်မှု ပုံစံ-၇ တွေကို စစ်ကောင်စီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မတ်လ ၂၁ ရက်နေ့ကစတင်ကာ လော်စပီကာနဲ့အော်ပြီး ပြန်အပ်ခိုင်းနေတယ်လို့ သိရပါတယ်။

သာယာဝတီမြို့အခြေစိုက် ခလရ ၃၅ တပ်က ယခင်စစ်အစိုးရလက်ထက်မှာ သိမ်းဆည်းထားတဲ့ သာယာအေးကျေးရွာအုပ်စုအတွင်းက လယ်မြေဧက ၃၀၀ ကို ၂၀၁၃ ခုနှစ်မှာ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အဲ့ဒီမြေ ပိုင်ဆိုင်ထားသူတွေဆီက ပိုင်ဆိုင်မှု ပုံစံ-၇ စာချုပ်တွေကို ရပ်၊ကျေးလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီထံ အပ်နှံခိုင်းနေတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ဒီမြေတွေက ဦးသိန်းစိန်လက်ထက်မှာ တောင်သူတွေ အမှန်တကယ် စိုက်ပျိုးမြေတွေဖြစ်လို့ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ခဲ့ပြီး သူ့မူရင်းပိုင်ရှင်တွေကို တရားဝင်ပြန်လွှဲထားတဲ့ မြေတွေ။ ခုလို ပုံစံ ၇ ပြန်အပ်ခိုင်းတာက တပ်ပိုင်မြေအဖြစ် ပြန်သိမ်းဖို့ ပြင်ဆင်နေတာလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်တုန်းကလည်း စစ်ကောင်စီတပ်က အဲ့ဒီမြေဧက ၃၀၀ နဲ့ပတ်သက်လို့ မူရင်းပိုင်ရှင်တွေကို ပြန်လည်လွှဲပြောင်းပေးရာမှာ အငြင်းပွားမှုတွေရှိခဲ့တယ်ဆိုပြီး အကြောင်းပြကာ ပြန်လည်သိမ်းယူဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“NLD လက်ထက် ၂၀၁၇ လောက်မှာ အဲ့ဒီမြေတွေနဲ့ပတ်သက်ပြီးတော့ ဒီမူရင်းပိုင်ရှင်တွေကြားမှာ အငြင်းပွားတာတွေဖြစ်လို့ ၃၅ တပ်က ပြန်သိမ်းဖို့ လုပ်သေးတယ်။ NLD ခံနေလို့ သူတို့မအောင်မြင်တာ” လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီမြေဧက ၃၀၀ ရဲ့ ပိုင်ဆိုင်မှုစာချုပ်ပုံစံ ၇ တွေ စစ်ကောင်စီရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီကို ပြန်လည်အပ်နှံဖို့ ခလရ ၃၅ တပ်က တပ်ကြပ်ကြီး သိန်းဦးနဲ့ သာယာအေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဦးစီးလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

သာယာအေးကျေးရွာအုပ်စုထဲမှာ သင်တောရိုး၊ ကညင်ကောက်၊ သာယာအေး၊ ဂွေးချောင်းစတဲ့ရွာတွေ ပါဝင်တာဖြစ်ပြီး စစ်ကောင်စီတပ်က အဲ့ဒီရွာတွေထဲ လယ်မြေဧက ၃၀၀ ကို ၁၉၉၃ ခုနှစ် စစ်အစိုးရခေတ်မှာ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့တာဖြစ်ကာ ၂၀၁၃ ခုနှစ်မှာ တပ်ပိုင်မြေအဖြစ်ကနေ ပြန်လည်စွန့်လွှတ်ခဲ့ရတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။