ရေစကြို၊ မတ် ၂၃၊ ၂၀၂၃။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုတာတိုင်ကျေးရွာအနီးမှာ မတ်လ ၂၂ ရက်မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အင်အား ၄၀ ကျော်ပါတဲ့ ခလရ ၂၅၈ က စစ်သားတွေဟာ တောင်အိုတာတိုင်ရွာမှာ ညအိပ်တပ်စွဲပြီး ထွက်လာချိန် မနေ့မနက် ၁၀ နာရီလောက်မှာတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေကို ကျောက်လှေကားအနီးမှာရှိတဲ့ GTC ကျောင်းထဲကို သုံးဘီးနဲ့တင်သွားတယ်” လို့ ပြောပါတယ်။
ဒီထိခိုက်မှုအခြေအနေတွေကို မျက်မြင်ပြည်သူတွေရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ မင်းရွာက ပျူနဲ့စစ်သားတွေ ရေချိုးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း