မုံရွာ Local PDF အဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

0 4
0 4

မုံရွာ၊ မတ် ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာတရွာမှာ အထိုင်ချထားတဲ့ Local PDF အဖွဲ့တခု ဖမ်းဆီးခံခဲ့ရပြီး အဖွဲ့ဝင်အကုန်နီးပါး ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အထိုင်စခန်းတခုမှာ တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရတာကစပြီး တခြားအဖွဲ့ဝင်တွေလည်း စစ်ကောင်စီရဲ့ အလစ်ငိုက်ဖမ်းဆီးတာတွေကို ဆက်တိုက်ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သတင်းက မှန်တယ်။ သူတို့မိသွားတဲ့နေရာက နယ်နည်းနည်းကြမ်းတယ်။ တိုက်ပွဲတွေ ခဏခဏဖြစ်နေတဲ့နေရာ။ နှစ်ဖက်တင်းမာမှု တော်တော်ရှိတဲ့နေရာပေါ့။ ရက်ကတော့ အတိကျမသိဘူးဗျ။ ဖြစ်စဉ်ဖြစ်သွားတာတော့ အတည်ပြုလို့ရတယ်။ တယောက်ပြီးတယောက် ပါနေတာလည်း အတည်ပြုလို့ရတယ်။ ဘယ်နေ့ဘယ်ရက်တော့ မပြောတတ်ဘူး။ ဟိုဘက်က ကြိတ်ဖမ်းနေတာ” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့မှာ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပေမယ့် ဖမ်းမိတဲ့အခြေနေအသေးစိတ်ကိုတော့ မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကိုရဲရင့်ကျော်၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုဝေယံထက်၊ စိုး၊ ကိုနေလင်းအောင်၊ ကိုကောင်းခန့်ဇော်၊ ကိုကျော်ရဲသူ၊ ကိုအောင်ဇော်ထက်၊ ကိုရာပြည့်၊ ကိုကြည်မင်း၊ ကိုမင်း၊ မခင်နှင်းစိုး၊ မစိုးစိုးတို့ ၁၄ ဦး ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

မုံရွာဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့တမြို့ဖြစ်ကာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ခဲ့ပြီး တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။