ရွှေကျင်နဲ့ကျောက်ကြီးကို လေယာဥ်ဗုံးအလုံး ၃၀ နီးပါးကြဲချလို့ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရ

ညောင်လေးပင်၊ မတ် ၂၂၊ ၂၀၂၃။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေထဲက ရွာတွေကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက မတ်လ ၂၂ ရက် ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်မှာ KNU အုပ်ချုပ်နယ်မြေ ရွှေကျင်မြို့နယ်၊ တကက်ပူကျေးရွာနဲ့ ကျောက်ကြီးမြို့နယ် တကော်ဒဲကျေးရွာတို့ကို တိုက်လေယာဥ် ၄ စီးနဲ့ ၉ ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံး ၂၈ လုံးထက်မနည်း ကြဲချခဲ့လို့ အဲ့ဒီရွာတွေအပါအဝင် အနီးတဝိုက်ကျေးရွာ ၂၁ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီလေယာဥ်တွေက တကော်ဒဲကျေးရွာကို ဗုံး ၈ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မူလတန်းကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၅လုံး မီးလောင်ပြာကျခဲ့ပြီး အသက် ၇၀ ရှိ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ တကက်ပူကျေးရွာက ဗုံးကြဲခံရမှုမှာတော့ လူနဲ့နေအိမ် ထိခိုက်တာမရှိပေမယ့် ဥယျာဥ်ခြံအတွင်းက သီးပင်စားပင်တွေ ပျက်စီးတာရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မတ် ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၃ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ၊ ရွှေကျင်နဲ့ကျောက်ကြီးမြို့နယ်တွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့အလုံးရေ ၄၀၀ ကျော်အထိ ပစ်ခတ်ခဲ့လို့ ဒေသခံ ၉ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၆ အိမ်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသိမ် ၁ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။