ခင်ဦး NLDအမတ်ရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်

ခင်ဦး၊ မတ် ၂၂၊ ၂၀၂၃။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLDပါတီ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးဖြစ်သူတို့ကို မတ်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီလက်အောက်စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒေါက်တာဝင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု (ခ) ဒေါ်နီလာနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ ၂ ဦးကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)နဲ့ အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်တယ်လို့ ခင်ဦးမြို့ပြ ပြောက်ကျားမဟာမိတ်တပ်ပေါင်းစု တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“မအိနန္ဒာအောင်နဲ့ ဒေါ်ခင်သန်းနုတို့ကို တယောက်ကို အလုပ်ကြမ်းနဲ့ ၃ နှစ်စီ ချမှတ်လိုက်တာ။ စစ်ခုံရုံးက ၅၀၅-က(ဂ)နဲ့ ပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဒေါက်တာဝင်းအောင်ရဲ့ သမီးအငယ်ဖြစ်သူနဲ့ သူမရဲ့အမျိုးသားတို့ဟာ ရေဦးမြို့နယ် တနေရာမှာ ယမ်းမတော်တဆမှုဖြစ်ပွားခဲ့လို့ သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာဝင်းအောင်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ကို စစ်အာဏာသိမ်း ၂ နှစ်ပြည့်မြောက်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ကစတင်ကာ စစ်အုပ်ချုပ်ရေးမာရှယ်လောကြေငြာခဲ့ပြီးနောက် စစ်ခုံရုံးနဲ့ ဖွဲ့စည်းစစ်ဆေးတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် မတ်လ ၂၁ ရက် မနေ့ကအထိ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၁၆၈၈၄ ဦးရှိပြီး အဲ့ဒီအထဲမှ ၅၁၄၉ ဦးက ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။