မိုးများတာကြောင့် နေပြည်တော်နယ်မြေ အနိမ့်ပိုင်းနေရာတချို့ ရေကြီးနေပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာလည်း ရေကျော်နေ

0 12
0 12

မြေလတ်အသံ၊ ဩဂုတ် ၂၇၊ ၂၀၂၅ ။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိနဲ့ တပ်ကုန်းမြို့နယ်အနိမ့်ပိုင်းနေရာတွေမှာ ရေကြီး၊ ရေလျှံနေပြီး ဇေယျာသီရိနဲ့ပုဗ္ဗသီရိအကြား ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာတချို့လည်း ရေကျော်နေတယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၂၆ ရက် ယမန်နေ့ညပိုင်းကစပြီး မိုးသည်းထန်စွာရွာတာကြောင့် နဝင်းချောင်း၊ ဆင်သေချောင်းတွေကနေ ရေမြင့်တက်လာပြီး ဇေယျာသီရိနဲ့ တပ်ကုန်းမြို့နယ်တွေအတွင်း ရေဝင်ရောက်လာတာလို့ဆိုပါတယ်။

ဓါတ်ပုံ – U Zaw Myo Lwin Facebook.
ဓါတ်ပုံ – U Zaw Myo Lwin Facebook.

” ချောင်းရေမြင့်တက်လာပြီးတော့ ချောင်းနှုတ်ခမ်းတွေကျော်ပြီးတော့ ရေကြီးတာ။ လမ်းဟောင်းပေါ်မှာ ကားတွေ​တော့ လောလောဆယ်သွားလို့ရသေးတယ်။ လမ်းပေါ်မှာတော့ ပေနဲ့မရှိသေးဘူး။ အတွင်းပိုင်းတွေမှာတော့ရေမြုပ်လို့ လူရွှေ့ရတာတွေရှိတယ်။ မိုးဆက်ရွာနေတော့ ရေထပ်တက်နိုင်သေးတယ်”လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေအခြေအနေကို လူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက အသင့်အနေထားနဲ့စောင့်ကြည့်​နေကြပြီးရွှေ့ပြောင်းသင့်သူတွေကိုလည်း ရွှေ့ပြောင်းပေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဇေယျာသီရိနဲ့တပ်ကုန်းမြို့နယ်ထဲက အနိမ်ပိုင်းဒေသတွေဖြစ်တဲ့ ဂျိုင့်အင်း၊ ညောင်ပင်သာ၊ မကျီးစု၊ ညောင်ကိုင်း၊ ရွေးစု(မြောက်)၊ ဖောင်းတော၊ ချောင်းခွကျေးရွာတွေမှာ ရေအမြင့် ၃ ပေကျော်ထိရှိနေလို့ အိမ်ထောင်စု ၄၀ ထက်မနည်းကို ရွှေ့ပြောင်းပေးထားရပြီး ပင်လောင်းလမ်းဆုံ ရန်ကုန်-မန္တလေးကားလမ်းပေါ်မှာ ရေအမြင့် ၁ ပေနီးပါးရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – U Zaw Myo Lwin Facebook.
ဓါတ်ပုံ – U Zaw Myo Lwin Facebook.

တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်တဲ့ တိုင်းဖွန်းမုန်တိုင်း “ကဂျိကိ”အရှိန်ကြောင့် ဩဂုတ် ၂၅ ရက် ကနေ ၂၉ ရက်အထိ နေပြည်တော်အပါဝင် မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်အနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့ချိန်မှာလည်း နေပြည်တော်နယ်မြေ ၅ မြို့နယ်မှာ ရေကြီး၊ရေလျှံဖြစ်လို့ ပြည်သူ ၁၉ ဦးထက်မနည်းသေဆုံးခဲ့သလို ကျေးရွာပေါင်း ၁၀၀ ကျော်ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၃ သိန်းနီးပါး ရေဘးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။