myaelatt athan

Sharing Information to the Local

ညောင်ဦးမှာ ကျူရှင်ဆရာမ ၁ ဦးနဲ့ အမျိုးသား ၁ ဦးအသတ်ခံရ

0 44
0 44

ညောင်ဦး၊ ဩဂုတ် ၂၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျူရှင်ဆရာမ ၁ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၂ ရက်ညနေ ၅ နာရီမှာ စဉ့်ကူတိုက်နယ်၊ ဈေးတန်းရပ်က ကျူရှင်ဆရာမ အသက် ၄၀ အရွယ်ရှိ ဒေါ်အိခိုင်၊ အမေဖြစ်သူနဲ့ မောင်ဖြစ်သူတို့ကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒေါ်အိခိုင်ကတော့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကျောင်းဆရာမတော့ မဟုတ်ဘူး၊ ကျူရှင်ဆရာမပါ၊ ဘွဲ့ရပြီးသားပါ၊ ကလေးတွေကိုကျူရှင်သင်နေတာ၊ အစိုးရခန့် ဆရာမတော့မဟုတ်ဘူး၊ သူရယ် သူ့အမေနဲ့ မောင် ၃ ဦးကို ပစ်သွားတာ၊ သူ့ အမေကတော့ လက်မောင်းပိတ်မှန်တယ်၊ သူ့မောင်ကတော့ လက်ကောခါးကော မှန်သွားတယ်၊ မနေ့ကတော့မကွေးအထူးဆေးရုံပို့လိုက်ကြတယ်၊ သူ့မောင်ကတော့ အခြေအနေမကောင်းဘူး ပြောတာပဲ၊” လို့ စဉ့်ကူရွာခံတဦးက ပြောပါတယ်။

ဒေါ်အိခိုင်တို့အိမ်ဟာ ကွမ်းယာဆိုင်နဲ့ စတိုးဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး သူတို့တွေဟာ အရင်ကတော့ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ဖူးပေမယ့် အခုတော့မဟုတ်တော့ဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။

အလောင်းကိုတော့ ဒီကနေ့ ညနေမှာသင်္ဂြိုဟ်ခဲ့ပြီး နေအိမ်မှာလည်း စစ်ကော်မရှင်တပ်တွေက စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ မနေ့ကညနေပိုင်းမှာလည်း စဉ့်ကူတိုက်နယ်၊ မြို့မတောင်ပိုင်းက မှတ်ပုံတင်တွေလိုက်လုပ်ပေးသူ အသက် ၆၀ အရွယ် ဦးမောင်ဝင်းဆိုသူကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ရာ သေဆုံးခဲ့သေးတယ် လို့ ဆိုပါတယ်။

“သူကတော့ ဘယ်သူကခေါ်ခေါ် ၅ ထောင်ပေး ၇ ထောင်ပေးနဲ့ မှတ်ပုံတင်လုပ်ပေးတာ၊ သူက မှတ်ပုံတင်အဖွဲ့တွေနဲ့ သိတာ၊ ဦးဝင်းမောင်ကိုလည်း တချိန်ထဲသတ်သွားတာ၊ စိန်တရာဇာတ်ရဲ့ တောင်ဘက်နားမှာ နေတာ၊ ၂ ဖွဲ့ခွဲသတ်သွားတာ၊” လို့ အထက်ပါဒေသခံကပြောပါတယ်။

ခုလိုပစ်သတ်ခဲ့ကြတဲ့သူတွေဟာ ဒေသကာကွယ်ရေးတပ်တွေလို့သိရပြီး အင်အား ၅၀ လောက်နဲ့ ၂ ဖွဲ့ခွဲပြီး ပစ်ခတ်သွားကြတာလို့ သူကဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေ လုပ်ဆောင်တယ်ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့၊ ဆည်ရွာမှာ မူလတန်းပြဆရာမ ၁ ဦးကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။