myaelatt athan

Sharing Information to the Local

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကားအထင်နဲ့ ဆွဲလိုက်တဲ့မိုင်းကြောင့် ရဲမှူးချုပ်အပါ ၄ ဦးသေဆုံး

မုံရွာ၊ မတ် ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လာတဲ့ကားလို့ သတင်းအတိအကျရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် ရဲမှူးချုပ်ပါတဲ့ကား ဖြစ်နေခဲ့လို့ ရဲမှူးချုပ်အပါ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက် မနေ့ကမနက် ၁၁ နာရီဝန်းကျင်လောက်မှာ မုံရွာမြို့ရန်ကင်းကျောင်းကထွက်လာတဲ့ ယာဥ်တန်းကို PDF ၂ ဖွဲ့ပူးပေါင်းပြီး ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Youth Revolution Attack Force အဖွဲ့တာဝန်ခံက ပြောပါတယ်။

“Alphard အနက်ရောင်ကားကို ထိသွားတယ်။ ကားကတော့ မှောက်သွားတယ်။ မှန်တွေလည်း ကွဲထွက်သွားတာ။ ပွိုင့်ကားနဲ့ အိမ်စီးကားတွေနဲ့ လာကြတာ။ ကား ၁ စီးထဲ မိုင်းမိတာ။ ကားလည်း စုတ်ပြတ်သတ်သွားတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကို လာမယ်ဆိုတဲ့ သတင်းရထားလို့ ဇောတိကကျောင်းနဲ့ ရန်ကင်းကျောင်းနားမှာ မနက် အစောပိုင်းမှာကတည်းက မိုင်းထောင်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်မှုပါတဲ့ ဒဿ Monywa ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

“ပထမဦးဆုံး မင်းအောင်လှိုင် လိုက်ပါလာတဲ့ကားက ရန်ကင်းကျောင်းထဲကို ဝင်တယ်။ နေ့လယ် ၁၀ နာရီဝန်းကျင်လောက် ဝင်သွားတာ။ ၁၁ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ မိုင်းထောင်ထားတဲ့ ဇောတိကနဲ့ရန်ကင်းကျောင်းအနီးအနားကို ရောက်လာတဲ့အချိန် Alphard အနက်ရောင်ကားကို မိုင်းဆွဲလိုက်တဲ့အချိန်မှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းက ပါမလာဘူး။ ရဲမှူးချုပ်နဲ့ ကားအလဲအပြောင်း စီးခဲ့တယ်လို့ သိရတယ်။” လို့ ဆိုပါတယ်။

မိုင်းဆွဲခံရလို့ ရဲမှူးချုပ်အပါအဝင် စစ်သား ၄ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ အတွင်းသတင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။

စစ်တပ်ပိုင် မြဝတီမီဒီယာမှာလည်း မုံရွာမြို့ကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၂၀ ရက် မနေ့ မနက်ပိုင်းက မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံမှာ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့ ဝတ္တုငွေတွေ သွားရောက်လှူဒါန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။