ချိန်ခါမဲ့မိုးရွာသွန်းလို့ စစ်ရှောင် ၅၀၀၀ ကျော် ရှောင်တိမ်းရပြီး ပုန်းခိုရာတဲအိမ်တွေ ပျက်စီးခဲ့ရ

0 4
0 4

ခင်ဦး၊ မတ် ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးရွာသွန်းမှုကြောင့် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက် မနေ့က ည ၈ နာရီလောက်မှာ ခင်ဦးမြို့နယ် အလယ်ခြမ်းနဲ့ အနောက်ခြမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်၊ မီးဘေးရှောင်ပြည်သူတွေဟာ ညတွင်းချင်း အထုပ်တွေပိုက်ပြီး နီးစပ်ရာ ကျေးရွာ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ သွားရောက်ခိုလှုံခဲ့ရတယ်လို့ ခင်ဦးမြို့စစ်ရှောင်ကူညီသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ခင်ဦးအရှေ့ခြမ်းက မိုးအဲ့လောက်မရွာဘူး။ အလယ်ခြမ်းနဲ့အနောက်ခြမ်းက သည်းကြီးမဲကြီး ရွာတယ်။ စစ်ရှောင်၊ မီးဘေးရှောင်တွေကလည်း အဲဒီအလယ်ခြမ်းနဲ့အနောက်ခြမ်းမှာ အများဆုံးပဲ။ မိုးရွာကြီးထဲမှာ သူတို့တွေ အထုပ်တွေ၊ ပလုံးတွေယူပြီး ညတွင်းပဲ ထွက်ပြေးရတယ်။ တချို့ဆို အိပ်စရာနေရာမရှိလို့ တညလုံးထိုင်နေရတယ်” လို့ ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ စစ်ရှောင်၊ မီးဘေးရှောင်တွေကို ကူညီတဲ့အဖွဲ့အစည်းနဲ့ ဒေသခံရွာသားတချို့က မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ တောတိုက်က အဆောက်အဦးတွေကို ပြန်လည်ပြုပြင်ပေးနေတယ်လို့လည်း အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ညက မိုးတွေရွာတော့ သူတို့တဲလေးတွေ ခိုင်ခန့်မှုမရှိဘူးလေ။ ယာယီပဲ ဆောက်လုပ်ထားပေးတာဆိုတော့ တဲကထန်းရွက်တွေကလည်း လွင့်သွားတယ်။ နောက်ပြီတော့ တဲတွေကလည်း အကာအရံတွေမပါတော့ မိုးမလုံဘူး။ ဒီနေ့မနက်မှာ ထန်းရွက်လေးတွေ ပြန်မိုးပေးတယ်” လို့ ဆိုပါတယ်။

စစ်ရှောင်၊ မီးဘေးသင့်ပြည်သူတွေအတွက် ခိုင်ခန့်တဲ့ တောတိုက်လေးတွေ ပြုပြင်တည်ဆောက်ပေးချင်ပေမဲ့လည်း လောလောဆယ်မှာ ထောက်ပံ့မှုတွေက မရရှိသေးတဲ့အတွက် ဆောက်လုပ်ပေးဖို့ အဆင်မပြေသေးဘူးလို့လည်း ဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်ဘေး၊ မီးဘေးသင့်ပြည်သူ ၂ သောင်းဝန်းကျင်ရှိပြီး အဲဒီ ၂ သောင်းဝန်းကျင်ထဲမှာမှ တောထဲမှာ သွားရောက်နေထိုင်တာ ၇ ထောင်ဝန်းကျင်ရှိပြီး အမြဲတမ်းစစ်ရှောင်နေရတဲ့ ကျေးရွာ ၂၇ ရွာ ရှိတယ်လို့လည်း သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။