myaelatt athan

Sharing Information to the Local

စကားပြောစက်တွေကနေ သတင်းပေါက်ကြားလို့ PDF စခန်းတွေ စီးနင်းခံနေရတယ်လို့ဆို

စစ်ကိုင်း၊ မတ် ၁၉၊ ၂၀၂၃။

PDF တွေ အသုံးပြုနေတဲ့ စကားပြောစက်တွေကနေ အချင်းချင်းပြောဆိုနေမှုတွေကို စစ်ကောင်စီတပ်က ကြားဖြတ်နားထောင်မှုတွေရှိနေလို့ သတင်းတွေပေါက်ကြားနေကာ စခန်းစီးနင်းခံရတဲ့ဖြစ်စဉ်တွေ ရှိနေတယ်လို့ Salingyi Border Task Force တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးနဲ့ ပုလဲနယ်ဘက်တွေကို အင်အား ၁၀၀ ခန့်နဲ့စစ်ကြောင်းထိုးနေတဲ့ နမခစစ်‌ကောင်စီတပ်တွေမှာ ရေဒီယိုလှိုင်းဖြတ်နိုင်တဲ့ ဂျန်ပါစက်တွေအပြင် စကားပြောစက်တွေကို ကြားဖြတ်အသံဖမ်းယူနိုင်တဲ့ စက်တွေအသုံးပြုနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီကြားဖြတ်အသံဖမ်းယူတဲ့စက်တွေကနေ PDF တွေအချင်းချင်း ပြောဆိုနေမှုတွေကို နားထောင်ကာ စခန်းတည်နေရာတွေကို လာရောက်တိုက်ခိုက်တာတွေ ရှိနေသလို PDF အဖွဲ့တွေ ဖမ်းဆီးခံရတာတွေလည်းရှိနေပြီး၊ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ထောင်ထားတဲ့မိုင်းကွင်းတွေကိုလည်း ရှောင်ရှားသွားနေနိုင်တယ်လို့ PDF တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“သူတို့(စကစ)သေချာပေါက်လာနိုင်မယ့်လမ်းကနေ ပြေးမလွတ်မယ့်မိုင်းတွေ ထောင်ထားတာတောင် အနားရောက်ခါနီးရင် ကွေ့ပတ်သွားလိုက်တာမျိုးတွေက ခဏခဏဖြစ်နေတာ။ သူတို့ဆီမှာ ဖမ်းတာခံရပြီး ပြန်လွတ်လာတဲ့ဒေသခံတွေဆီက ပြန်သိရတာက PDF တွေ စက်ပေါ်ကနေ ပြောတဲ့စကားတွေက သူတို့စက်တွေထဲမှာ အကုန်ဝင်နေတယ်ဆိုပြီး ပြန်သိရတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ဆက်သွယ်ရေးစက်၊ ဖုန်းတွေနဲ့ စကားပြောဆိုတာတွေကို သတိထားပြောဆိုသင့်ပြီး မသင်္ကာတာတွေ့တာနဲ့ စကားပြောဆိုမှုကိုရပ်တာ၊ စကားဝှက်တွေ အသုံးပြုတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ သူကဆက်ပြောပါတယ်။

စကားပြောစက်တွေပေါ်ကနေ ပြောဆိုနေမှုကို စစ်ကောင်စီတပ် လက်ရှိအသုံးပြုနေတဲ့ဆက်သွယ်ရေးစက်တွေက ဖမ်းယူနိုင်ဖို့ ခက်ခဲပေမယ့် စွမ်းရည်မြင့်မားတဲ့ စကားပြောစက်တွေကနေ စကားပြောစက်အချင်းချင်း ဖမ်းယူရရှိနိုင်တယ်လို့ CDM တပ်မတော်သားအရာရှိ တဦးက ပြောပါတယ်။

“Icon(စကားပြောစက်)တွေကနေ ပြောတာတွေကို ဆက်သွယ်ရေးစက်တွေက နေမိခဲတယ်။ Icon အချင်းချင်းမိတာ များတယ်။ PDF တွေထားတဲ့ စက်နံပါတ်မသိဘူးဆိုရင်တောင် စကစတွေဘက်က ဒီ capacity မြင့်တဲ့ Icon တွေကနေ Scan ဖတ်ရှာလိုက်ရင် သူ့ဧရိယာအတွင်းမှာပြောနေတဲ့ စကားပြောစက်တွေက ပြောတာတွေ ဝင်လာတာမျိုးပေါ့။ စက်ပေါ်မှာပြောရင် တည်နေရာတွေ၊ ဒေတာနဲ့ပတ်သက်တာတွေ မပြောဘဲ လိုရင်းကို ကို့ယ်အမှတ်အသားစကားဝှက်နဲ့ ပြောတာမျိုးလုပ်သင့်တယ်။ စက်ပေါ်မှာ ဖုန်းပြောသလို အကြာကြီးပြောတာမျိုးမလုပ်ဘဲ ခနတိုင်းလိုင်းချိန်းပြီး ပြောသင့်တယ်” လို့ ဆိုပါတယ်။

အဲ့ဒီအင်အား ၁၀၀ ခန့်ပါ နမခ စစ်ကြောင်းဟာ ယင်းမာပင်ခရိုင်ထဲကို ဇန်နဝါရီလကုန်ပိုင်းကနေ လက်ရှိအထိ စစ်ကြောင်းထိုးနေတာဖြစ်ပြီး၊ စစ်ကြောင်းထိုးကာလအတွင်း ယင်းမာပင်နဲ့ဆားလင်းကြီးနယ်ထဲက PDF စခန်း ၄ ခု စီးနင်းမီးရှို့ခံခဲ့ရကာ PDF အဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသလို ဒေသခံပြည်သူ ၅ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။