နတ်တလင်းက ပြည်သူတွေ ဆန်ကို ကန့်သတ်ချက်နဲ့ဝယ်နေရ

0 4
0 4

နတ်တလင်း၊ မတ် ၁၉၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက်၊ ပဲခူးရိုးမအစပ်က ဒေသခံတွေဟာ ဆန်ဝယ်ယူရာမှာ လွတ်လပ်စွာဝယ်ယူခွင့်မရဘဲ ကန့်သတ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အတွင်း နေထိုင်သူတွေနဲ့ ဆည်အထက်က ပြည်သူတွေကို အဓိကထားကန့်သတ်တာဖြစ်ပြီး လူတဦးလျှင် တပတ်စာ ဆန်နို့ဆီဗူး ၂၁ လုံးသာ ဝယ်ယူခွင့်ရပြီး ထောက်ခံစာလုပ်ကာ ဝယ်ယူရတာလို့ ဆိုပါတယ်။

“ဆယ်ကိုဖြတ်ပြီး တောင်ညိုကွက်သစ် ဒါမှဟုတ် နတ်တလင်းမြို့ကိုသွားပြီး စျေးဝယ်တဲ့အခါမှာ တောင်ညိုစက်လှေဂိတ်မှာ စစ်သားတွေက ပစ္စည်းတွေကို စစ်ဆေးတယ်။ အဲ့ဒီဂိတ်မှာ အိမ်ရှိလူစာရင်း ထောက်ခံစာ လုပ်ရတယ်။ အိမ်မှာရှိတဲ့ လူဦးရေထက် ဆန်ကိုပိုဝယ်လို့မရဘူး။ လူကြုံဝယ်လို့လည်း မရဘူး။ အဲတော့ တအိမ်တယောက် ထွက်ဝယ်ရတယ်။ တပတ်တခါ လမ်းစရိတ်ကုန်သလို အလုပ်လည်း ပျက်ရတယ်။ ဖြတ် ၄ ဖြတ် လုပ်တဲ့သဘောရှိတယ်” လို့ နတ်တလင်းနယ်အခြေစိုက် နတ်စစ်သည် PDF အဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။

ဘုန်းကြီးဆွမ်းလောင်းဖို့နဲ့ ဧည့်သည်အတွက်ပါ ပိုဝယ်လို့မရသလို ခွေးစာ၊ကြက်စာအတွက်လည်း ဝယ်ထားခွင့်မရဘူးလို့ သူကဆက်ပြောပါတယ်။

တောင်ညိုစက်လှေဂိတ်မှာ စစ်သားအင်အား ၂၀ အထက်ရှိပြီး ကုန်ပစ္စည်းသယ်ယူရာမှာ အရင်ကထက် စစ်ဆေးမှုတင်းကြပ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ထောက်ပို့လုပ်မှာကို စိုးရိမ်နေပုံရတယ်လို့ ဒေသခံကျေးရွာသားတဦးက ပြောပါတယ်။

တောင်ညိုဆည်အထက်မှာ ညောင်လေးပင်၊ ကွေ့ကြီး သဖန်းချောင်း၊ လေးအိမ်တန်း၊ ကျောက်ပြုတ် စတဲ့ကျေးရွာတွေက ဒေသခံတွေလည်း စစ်ရှောင်နေရပြီး၊ လူဦးရေ ၃၅၀ ကျော်ရှိတယ်လို့လည်း Phoenix DF အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီဒေသမှာ မကြာခဏဆိုသလို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေမှုတွေရှိနေပြီး၊ စစ်တပ်ဘက်က သေဆုံးမှုတွေရှိသလို တောင်ညိုဆည်ဘက်ကနေ ပေါင်းတည်မြို့နယ်ထဲကိုသွားတဲ့ စစ်ကြောင်းဟာလည်း မတ်လ ၁၇ ရက်မနေ့က ဝဲကြီးဆည်အထက်မှာ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

နတ်တလင်းမြို့ဟာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းရဲ့ ဇာတိဖြစ်ပြီး မာရှယ်လောသတ်မှတ်ခံထားရတဲ့မြို့လည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။