myaelatt athan

Sharing Information to the Local

ရွှေဂူဖြူဘုရားမှာတပ်စွဲနေတဲ့ စစ်ကြောင်းက ကျောက္ကာ(တောင်)ရွာကို မီးထပ်ရှို့

0 36
0 36

ရက်ရှည်စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ စားနပ်ရိက္ခာလိုအပ်လာ

မုံရွာ၊ ဩဂုတ် ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာ ရွှေဂူဖြူဘုရားမှာတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေက ကျောက္ကာ(တောင်)ရွာ လူနေအိမ်တွေကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကျောက္ကာ(တောင်)ရွာကို ဩဂုတ် ၁၈ ရက် ယမန်နေ့ည ၇ နာရီခန့်မှာ စတင်မီးရှို့ခဲ့ရာ ည ၉ နာရီခန့်အထိ အချိန် ၂ နာရီကြာ နေအိမ်တွေမီးလောင်ကျွမ်းခဲ့ပြီး ဒီကနေ့ဩဂုတ် ၁၉ ရက်မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ခဲ့ကာ ကျေးရွာတွေမှာ စစ်ကြောင်းရှိနေသေးတာကြောင့် နေအိမ်မီးလောင်ပျက်စီးမှု အခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စစ်ကော်မရှင်တပ်က ဩဂုတ် ၈ ရက်က စတင်ကာ အမြောက်သံချပ်ကာကားတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အဲ့ဒီနေ့ညနေပိုင်းမှာပဲ ကျောက္ကာ(မြောက်)ရွာကို မီးရှို့ခဲ့ပြီး ဒီကနေ့အထိ ရွှေဂူဖြူဘုရားမှာ တပ်စွဲနေတာပါ။

အဲ့ဒီစစ်ကြောင်းကြောင့် မုံရွာ- အရာတော်လမ်းပိုင်းနံဘေးက ကျောက္ကာတောင်ရွာနဲ့ မြောက်ရွာ၊ ဇလုပ်၊ ကိုင်းတော၊ ရေကန်စု၊ ထနောင်းဝန်း၊ ရွာတုံး စတဲ့ကျေးရွာတွေက ဒေသခံ ၇,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိထိ ရက်ရှည်ကြာတပ်စွဲနေသေးလို့ စစ်ရှောင်တွေမှာ ကျေးရွာတွေကို ပြန်မဝင်နိုင်သေးဘဲ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။

“ရှောင်နေရတဲ့ပြည်သူတော့ အတော်များတယ်၊ ရက်ရှည်ရှောင်နေရတော့ အစားအစာကလည်း လိုအပ်နေတာရှိနေတယ်လို့ လာအကူအညီတောင်းထားတာတွေ ရှိတယ်။ ခန့်မှန်း ၁၂၊ ၁၃ ရက်လောက်တော့ ရှိမယ်။ အဲဒီဘက်က နည်းနည်းအစားအစာက ရှားသလိုဖြစ်နေတာ” လို့ စစ်ရှောင်တွေရဲ့ အခြေအနေကိုသိရှိထားသူ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်က မုံရွာ-အရာတော်လမ်းပိုင်းကို အင်အားထပ်မံဖြည့်တင်းကာ ရက်ရှည်စစ်ကြောင်းထိုးနေတာကြောင့် လမ်းပိုင်းအသုံးမပြုကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

စစ်ကော်မရှင်တပ်က မုံရွာ-အရာတော်လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာဟာ အရာတော်မြို့နယ်အတွင်းက ပျူစောထီးအထိုင်စခန်းရှိတဲ့ ကျေးရွာတွေနဲ့ အရာတော်မြို့အခြေစိုက် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)၊ အမှတ် ၅၀၀၄ သံချပ်ကာတပ်ရင်းနဲ့ အမှတ် ၃၆၉ အမြောက်တပ်ရင်းတွေကို ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်း ပို့ဆောင်လိုတာကြောင့်နဲ့ လမ်းပိုင်းစိုးမိုးမှုရယူပြီး ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့လိုတာကြောင့်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သုံးသပ်ထားကြပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။