myaelatt athan

Sharing Information to the Local

မုံရွာ၊ ကျောက္ကာနဲ့ပြည်ထောင်စုလမ်းမဘေးစျေးဆိုင်တွေကို ရောင်းခွင့်ပိတ်လိုက်လို့ စျေးသည်တွေအခက်တွေ့

0 25
0 25

မုံရွာစစ်ကော်မရှင်ကဖွင့်လှစ်တဲ့ ကန်သာယာညစျေးမှာ ရောင်းခွင့်ပြုထားပေမယ့် လုံခြုံမှုမရှိလို့ အဆင်မပြေ ဟုဆို

မုံရွာ၊ သြဂုတ် ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်းနဲ့ ပြည်ထောင်စုလမ်းမကြီးဘေးတွေမှာ ဖွင့်လှစ်နေတဲ့စျေးဆိုင်တွေကို စစ်ကော်မရှင်နဲ့စည်ပင်က စျေးရောင်းခွင့်ပိတ်သိမ်းလိုက်လို့ စျေးသည်တွေအခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးဘေးမှာ တွန်းလှည်းနဲ့စားစရာတွေရောင်းချနေတဲ့ စျေးဆိုင် ၂၀ ကျော်၊ ပြည်ထောင်စုလမ်းမကြီးဘေးမှာ ၁၃ ဆိုင်ခန့် စုစုပေါင်း စျေးဆိုင် ၃၀ ကျော်ရှိတာဖြစ်ပြီး အဲ့ဒီဆိုင်တွေကို သြဂုတ် ၉ ရက်ကစတင်ကာ စစ်ကော်မရှင်တပ်ကလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးနဲ့ စည်ပင်ဝန်ထမ်းတွေက စျေးရောင်းခွင့်အပြီးတိုင် ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

” ဒီကြားထဲနေရာတွေရှာပြီး ဖွင့်သေးတယ်။ လမ်းမကြီးဘေးလောက်တော့ အဆင်မပြေဘူး။ ဖောက်သည်တွေလည်း အရင်လိုမပေါတော့ဘူးလေ။ ရပ်ကွက်လမ်းကြားထဲ ဖွင့်ရတော့ လာဝယ်တဲ့သူကလည်းရှားတယ်။ ပထမဖွင့်တဲ့ရက်ကဆို အရင်းပါ ပြုတ်သွားတယ်။ နောက် ၃ ရက်လောက်ဆက်ဖွင့်ပြီး အမြတ်သိပ်မကျန်တော့တာနဲ့ ပိတ်ထားရတာ” လို့ ၃ နှစ်ကျော်ကြာ တုတ်ထိုးရောင်းချလာတဲ့စျေးသည်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကျောက္ကာလမ်းမကြီးဘေးမှာ စျေးရောင်းခဲ့စဥ်က တရက်အမြတ်ငွေ ၃၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျော်အထိ မြတ်ခဲ့ပေမယ့် အခုလို လမ်းဘေးစျေးရောင်းခွင့်ပိတ်သိမ်းမှု တပတ်ကျော်ကြာမြင့်သွားပြီးတဲ့နောက် တွန်းလှည်းစျေးသည်တွေအနေနဲ့ စျေးရောင်းဖို့နေရာရှားပါးသွားတာကြောင့် မိသားစုစားဝတ်နေရေးအခက်အခဲနဲ့ စတင်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်လက်အောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သြဂုတ် ၁၂ ရက်ကစတင်ကာ ကန်သာယာမှာ ညစျေးဖွင့်လှစ်ပြီး စျေးဆိုင်တွေရောင်းချခွင့်ပြုခဲ့ပေမယ့် မုံရွာမြို့ရဲ့လမ်းဘေးစျေးသည်အများစုဟာ ကျောက္ကာလမ်းမကြီးအနီး ထန်းတော၊ သလ္လာ၊ မြဝတီ၊ အေးသာယာ စတဲ့ရပ်ကွက်နေသူတွေဖြစ်လို့ ကျောက္ကာလမ်းမကြီးဘေး ဆိုင်ဖွင့်လှစ်ရတာလွယ်ကူပြီး ကန်သာယာညစျေးဟာ နေထိုင်ရာရပ်ကွက်တွေနဲ့ ဝေးကွာတာ၊ စျေးဝယ်သူနည်းပါးတာအပြင် မြို့တွင်းလုယက်မှုတွေ မကြာခဏရှိနေတာကြောင့် သွားရောက်ရောင်းချဖို့ အဆင်မပြေဘူးလို့ အထက်ပါစျေးသည်က ပြောပါတယ်။

စစ်ကော်မရှင်က လမ်းမကြီး ၂ ခုရဲ့ဘေးရှိ စျေးဆိုင်တွေကို ရောင်းချခွင့်ပိတ်လိုက်တာဟာ ကန်သာယာညစျေးမှာ စည်ကားလိုတာကြောင့်ဖြစ်နိုင်ကြောင်း မြို့ခံတွေကသုံးသပ်ကြပြီး ကန်သာယာညစျေးဟာ ညဘက်စျေးဖြစ်တာကြောင့် ရောင်းချသူနည်းပါးသလို လုံခြုံရေးအခြေအနေတွေကြောင့်လည်း သွားရောက်စားသုံးဖို့ အဆင်မပြေဘူးလို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

” တကယ်တော့ ဒီကျောက္ကာလမ်းက မြို့အလယ်လို ဖြစ်နေတာလေ။ လူသွားလူလာလည်း စည်ကားတော့ သွားဝယ်စားရတာ အဆင်ပြေတယ်။ ဟိုးဘက် ကန်သာယာထိကျ သွားရလာရတာ မလွယ်ကူတော့ဘူး။ ရိုက်လုတာတွေလည်း ရှိထားတော့ သိပ်မသွားကြဘူး။ ဘယ်လောက်စားချင်နေနေ တကူးတက သွားဝယ်မစားကြဘူး”လို့ သူက ပြောပါတယ်။

ယခင်က မုံရွာမြို့ကို စစ်ကော်မရှင်တပ်နဲ့အစိုးရခေါင်းဆောင်ပိုင်းတွေလာရောက်ချိန် အဲ့ဒီလမ်းမကြီးဘေးတွေက စျေးဆိုင်တွေကို ၃ ရက်ကနေ ၅ ရက်အထိ ယာယီပိတ်ခိုင်းလေ့ရှိပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာ အဲ့ဒီစျေးဆိုင်တွေကို စစ်ကော်မရှင်က အပြီးတိုင်ပိတ်သိမ်းခိုင်းခဲ့တာလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။