စစ်ကိုင်း ရဲတပ်ရင်း ၁၆ တိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်း ထိခိုက်နိုင်ဟုဆို

0 5
0 5

စစ်ကိုင်း၊ မတ် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၆ လုံခြုံရေးရဲတပ်ရင်း တိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်း ထိခိုက်နိုင်တယ်လို့ အညာညီနောင်တပ်ပေါင်းစုအဖွဲ့ဆီက သိရပါတယ်။

ကံတလူတိုးဂိတ်အနီးမှာရှိတဲ့ အဲ့ဒီ အမှတ် ၁၆ ရဲတပ်ရင်းကို မတ်လ ၁၃ ရက်နေ့ မနေ့ ညနေ ၃ နာရီခန့်မှာ လက်နက်ကြီးနဲ့အချက် ၂၀ ကျော်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အညာညီနောင်တပ်ပေါင်းစု- ABCF တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ခန့်ပါ။ ကျနော်တို့ဘက်ကပစ်တာကတော့ ပြင်ပမရောက်ပါဘူး။ ရဲတပ်ရင်းထဲပစ်ခတ်တဲ့ target အားလုံးကို တိုက်ရိုက်ထိပါတယ်။ မြေပြင်သတင်းတွေအရ ၅ ယောက် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယ်မြေကစကစ စိုးမိုးနယ်မြေဖြစ်နေတော့ အားလုံးဂရုတစိုက်နဲ့ အသက်စွန့်ပြီး လုပ်ခဲ့ရတာပါ” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီး ကံတလူတိုးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာဒေသခံတဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အညာညီနောင်တပ်ပေါင်းစု-ABCF ၊Thunderbird local Defense force ၊ တောင်သူလယ်သမားစစ်သည်တော်များအဖွဲ့၊ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့က အမှတ် (၁၆) ရဲတပ်ရင်းထဲမှာ တန်းစီနေချိန် ဒုရဲမှူးနဲ့ ရဲတပ်သားတို့စကားများပြီး ရဲတပ်သားက သေနတ်နဲ့ပစ်ခတ်လို့ ဒုရဲမှူးဆိုသူ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။