myaelatt athan

Sharing Information to the Local

အိုးဘိုထောင် ဗုံးကြဲခံရလို့ နိုင်/ကျဥ်း ၇ ဦးသေဆုံးဟု PPNM ပြော

0 97
0 97

မြေလတ်အသံ၊ သြဂုတ် ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေးအကျဥ်းသား ၇ ဦး သေဆုံးခဲ့တယ်လို့ သြဂုတ် ၁၆ ရက်ဒီကနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများ ကွန်ရက် – PPNM က ထုတ်ပြန်ပါတယ်။

သြဂုတ် ၈ ရက်မနက်ပိုင်းမှာ အိုးဘိုထောင်ရှိ အမျိုးသားအဆောင် ၄ နဲ့ ၆ အပေါ်ကို ဒရုန်းဗုံးသီး ၃ လုံးကြဲချခံရာ ဗုံးသီး ၂ လုံး ပေါက်ကွဲမှုဖြစ်သွားခဲ့တာကြောင့် အသက် ၂၃ နှစ်ကနေ ၃၇ နှစ်အရွယ်ရှိ နိုင်/ကျဥ်းအမျိုးသား ၇ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဒရုန်းဗုံးကြဲချမှုအပေါ်မှာ နိုင်ငံရေးအကျဥ်းသားတွေ၊ တခြားအကျဥ်းသားတွေလည်း သေဆုံးမှုရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားသေဆုံးမှုကတော့ ပိုပြီးတော့များတယ်။ ကျနော်တို့အတည်ပြုထားနိုင်တာက အနည်းဆုံး ၇ ဦးရဲ့အချက်အလက်တွေကို အတည်ပြုထားနိုင်ခဲ့တယ်”လို့ PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိတဲ့ အကျဥ်းသား အနည်းဆုံး ၁၀ ဦးဝန်းကျင်ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေကြတယ်လို့ ကိုသိုက်ထွန်းဦးကဆိုပါတယ်။

ဗုံးကြဲခံရတဲ့နေ့မှာ ထောင်ပြင်ပအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းဗုံးနဲ့ရုတ်တရက်ကြဲချခံလိုက်ရတာဖြစ်ပြီး ဒီလိုလုပ်ရပ်အပေါ် PPNM အနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချတယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“လုပ်တဲ့(ဗုံးကြဲ)အဖွဲ့အစည်းကတော့ တော်လှန်ရေးတပ်လား၊ စစ်တပ်လားဆိုတာ အတည်မပြုနိုင်သေးဘူး။ စုံစမ်းနေဆဲဖြစ်ပါတယ်။ မည်သည့်အဖွဲ့ကပဲလုပ်သည်ဖြစ်စေ ကျနော်တို့အနေနဲ့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”လို့ သူကဆိုပါတယ်။

အကျဥ်းထောင် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ အခြေအနေအတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

သေဆုံးသူနိုင်ငံရေးအကျဥ်းသား ၇ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေအကုန်လုံးကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် – PPNM က ရရှိထားပြီးဖြစ်ပေမယ့် လုံခြုံရေးအရ ဖော်ပြနိုင်မှုမရှိဘူးလို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။