ပဲခူး၊ ဩဂုတ် ၁၆၊ ၂၀၂၅။
စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်းတွေအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ သြဂုတ် ၁၆ ရက် ဒီနေ့ကနေ ၁၈ ရက်အထိ ၃ ရက်အတွင်း မိုးရွာသွန်မှုများပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ဒီနေ့မှာသတိပေးထုတ်ပြန်ပါတယ်။
ယနေ့မနက် ၇ နာရီ တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတို့နဲ့ မကွေးတိုင်းတို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အဆိုပါဒေသတွေမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ကြဖို့လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မိုးဇလရဲ့ ဩဂုတ် ၁၈ ရက်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ မိုးရွာသွန်းမှု ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးဇလရဲ့ ဩဂုတ် ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရဲ့အထက် ၁၀၂၄ စင်တီမီတာမှာရှိနေပြီး လာမယ့်ရက် တွေမှာ ဆက်လက်ကျဆင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ရှိနေသေးတာကြောင့် မဒေါက်မြို့ အနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ မွန်စုပိုင်း အပါအဝင် ဘုရားဖြူ၊ ညောင်ပင်ပေါက်၊ အင်းချောင်၊ ဖိုးကုန်း၊ ဇာပြတ်၊ သောင်ကြီး၊ ရေပေါ်သောင်အပါအဝင် ကျေးရွာပေါင်း ၁၀ လောက်မှာ အနိမ့်ပိုင်းတွေမှာ ရေ ၃ ပေလောက် ကျန်နေသေးပေမယ့် စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။