ပြည်မြို့ စစ်ကြောရေးလုပ်ရာ စရဖ ရုံး ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံးဟုဆို

0 3
0 3

ပြည်၊ မတ် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ မင်းကြီးတောင်ပေါ်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး၊ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတချို့ထံက သိရသည်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ပြည်မြို့၊ မင်းကြီးတောင်ပေါ်မှာ ရှိတဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ စစ်အာဏာရှင်အဆက်ဆက် စစ်ကြောရေးလုပ်ရာနေရာဖြစ်ပြီး ဒကစ အကြီးပိုင်းများ လာရောက်လေ့ရှိကာ စစ်တပ်မိသားစုလိုင်းခန်းများ ပတ်လည်ဝိုင်းထားရာ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့ကညနေက ပေါက်ကွဲမှု ဖြစ်တယ်။ သူတို့ဗုံးနဲ့သူတို့ပေါက်ကွဲတယ်လို့ ကနဦးသိထားတယ်။ ၃ ဦးကတော့ ချက်ချင်းသေပြီး ၁ ဦးကတော့ ဆေးရုံရောက်မှ သေတယ်လို့ ကြားတယ်။ အခုလောလောဆယ်တော့ အဲအပေါ်ကို တက်ခွင့်ပိတ်ထားတယ်။” လို့ နီးစပ်သူများထံက သိရပါတယ်။

အဲဒီနေရာကို ယခင်ကတည်းက တက်ရောက်ခွင့်ပိတ်ပင်ထားပြီး စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် လာရောက်ခွင့် ပိုမိုတင်းကျပ်ထားတဲ့အတွက် ပါဆယ်ဗုံးလာပို့တာ မဖြစ်နိုင်ဘူးလို့ ယင်းနေရာအနီး ရပ်ကွက်နေထိုင်သူများက ဆိုပါတယ်။

“မနေညကတော့ ဖြစ်ပြီး တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်။ ဘယ်သူမှ တက်မရဘူး။ အဲရုံးကိုသွားတဲ့လမ်းက ဆင်စုရပ်ကွက်နဲ့ နဝဒေးတံတားကိုသွားတဲ့ ဖြတ်လမ်းပေါ့။ မြန်မာ့အသံ ထပ်ဆင့်လွှင့်ရုံလည်း ရှိတယ်။ ကျန်တာကတော့ သူတို့ ဝန်ထမ်းတွေပဲနေတာ စစ်ကြောရေးက အဲမှာလည်းလုပ်တယ်။ နာမည်ကြီးနေရာပေါ့” ဟု မြို့ခံတဦးက ဆိုပါတယ်။

ဒဏ်ရာရသူတွေကိုတော့ နွားမယံကျေးရွာ အုပ်စုမှာရှိတဲ့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ “မြေပြင်သတင်းစုံစမ်းချက်အရတော့ သူတို့ရုံးကို PDF၊ UG တွေဘက်က လုပ်တာမျိုးမရှိဘူး။ သိရတဲ့ သတင်းအရတော့ သူတို့ တပ်ဖွဲ့ဝင်တွေ အချိန်းအပြောင်းလုပ်တဲ့ အချိန် လက်နက်တွေပါ ရွှေ့ပြောင်းရာကနေ မတော်တဆဖြစ်ပြီး ပေါက်ကွဲတာလို့တော့ သိရတယ်။” လို့ ပြည်ခရိုင် တော်လှန်ရေးအင်အားစု ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။