မြောင် PDF စခန်း စီးနင်းမီးရှို့ခံရပြီး ဒရုန်းနဲ့ပါ ဗုံးကြဲလို့ ရဲဘော် ၃ ဦးဒဏ်ရာရ

0 5
0 5

မြောင်၊ မတ် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM တပ်ဖွဲ့စခန်းကို မတ်လ ၅ ရက် ညနေ ၃ နာရီလောက်မှာ စီးနင်းဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့၊ ကျီရွာနဲ့ ဥဒယရွာဘက်ကနေ ဧရာဝတီမြစ်ကူးကာ စစ်ကြောင်းသုံးဖွဲ့ခွဲလာတဲ့ စစ်သားအင်အား ၂၀၀ ကျော်က စခန်းကို ပစ်ခတ်စီးနင်းရာ လက်နက်အချို့နဲ့ ယူနီဖောင်းတွေ သိမ်းဆည်းခံရပြီး၊ တန်ဖိုးကြီးလက်နက်တွေနဲ့ စာရွက်စာတမ်းတွေ မဆုံးရှုံးခဲ့ဘူးလို့ CDSOM ရဲ့ သတင်းတာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“စစ်ရေးကိရိယာ လက်နက်တွေကတော့ အဆုံးရှုံးမရှိပါဘူး။ ယူနီဖောင်းတွေ ဖျက်ဆီးခံရတယ်။ စခန်း ၃ ခု မီးရှို့ဖျက်ဆီးခံရတယ်။ စခန်းတည်ထောင်တဲ့ ၂ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် စီးနင်းခံရတာ” လို့ ပြောပါတယ်။

စခန်းစီးနင်းခံရတာကြောင့် ပြောက်ကျားဂျာကင် အထည် ၁၀၀၊ ပြောက်ကျားဦးထုပ် ၁၅၀ လုံး၊ နွေဦးရောင်နီတံဆိပ်ပါ တီရှပ်အထည် ၆၀၊ မိုင်း(Reciver) ၄၀၀ ခု၊ လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်လုပ်လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ် ၁၂ ဗို့သေနတ် ၁ လက်၊ ကျည်လေးတောင့်၊ အနက်ရောင်ယူနီဖောင်းနဲ့ လယ်တိုဖိနပ် ၆ စုံ၊ ပုခက် ၅ ခု၊ အီကွေမန့် ၁ ခု၊ Epson ပရင်တာ ၂ လုံး၊ 2900 ကတ်ထရစ် ၄ လုံး၊ ဓာတ်ခဲအစုံ ၁၃၄ လုံး၊ ကီးဘုတ်နဲ့မောက် ၃ စုံ၊ ခေါက်ဆိုလာပြား ၃ ခု ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း စခန်းတဝိုက်ကို စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုပြီး အီနာဂါဗုံးသီးနဲ့ပါ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ရဲဘော် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။

သိမ်းဆည်းခံရတဲ့ ပစ္စည်းတွေထဲက လက်နက်ကြီးတွေဟာ အသုံးပြုမရတဲ့ လက်လုပ်ပစ္စည်းတွေသာ ဖြစ်ပြီး၊ လက်ရှိမှာ ရဲဘော်တွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပြီလို့လည်း အထက်ပါတာဝန်ခံက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၁ အမိမြေတော်လှန်ရေး တပ်ဖွဲ့စခန်းကိုလည်း ပြီးခဲ့တဲ့ မတ်လ ၃ ရက်ညနေ ၄ နာရီလောက်က စစ်သားအင်အား ၁၀၀ လောက်နဲ့ စီးနင်းမီးရှို့ခဲ့လို့ စခန်းအသုံးအဆောင်ပစ္စည်းအချို့နဲ့ စားနပ်ရိက္ခာတွေ ဆုံးရှုံးခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။