ပေါက်က ရွာတဒါဇင်ထက်မနည်းကို ဗုံးအလုံး ၅၀ နီးပါး လေယာဥ်နဲ့ကြဲချလို့ ကလေးအပါ ၅ ဦး သေဆုံး

0 75
0 75

ပေါက်၊ ဩဂုတ် ၁၂၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာ ၁၂ ရွာထက်မနည်းကို စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ကလေး ၁ ဦးအပါ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက် မနက် ၉ နာရီကျော်မှာ စစ်ကော်မရှင်လေတပ် သယ်ယူပို့ဆောင်ရေးလေယာဥ် Y-12 နဲ့ ပေါက်မြို့နယ် ရေပြာ၊ ရှခွလေး၊ မုန်တော၊ ကမ်းပျို၊ သနပ္ပင်ဇင်း၊ တင်ငုတ်ပြင်၊ ညောင်ပင်တိုက်၊ ရွှေလှံ၊ မြင်းခြံကုန်း၊ ကျွန်းပင်စု၊ ဆင်သေ၊ ငမိုးကြီး၊ ငမိုးလေး၊ ကမ်းတောကုန်း၊ ပြင်းချောင်း၊ ဆယ်ဝ စတဲ့ ရွာတွေကို ဗုံးအလုံးရေ ၅၀ ကျော် ကြဲချခဲ့တဲ့အပြင် ပေါက်အခြေစိုက် ကပစ ၂၄ တပ် ကလည်း ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ တိုက်ပွဲကမဖြစ်ဖူး၊ ပေါက် ကပစ ၂၄ ကနေ ပထမ ဟောင်ဝစ်စာနဲ့ လှမ်းထု(ပစ်)တာ။ ၃ လုံးတွဲ ၂ ခါ ထုပြီး Y 12 က တခါတည်း ‌အပေါ်ကနဲ့ ဗုံးကြဲချတာ။ ရှခွလေးရွာကိုတော့ ၃ လုံးချတယ်၊ ၁ လုံးကွဲတယ်၊ ကမ်းပျိုရွာမှာတော့ ၅ လုံးတွဲချတာ၊ တခါချရင် ၄၊ ၅ လုံးချတာ” လို့ ဗုံးကြဲခံရတဲ့ရွာတွေက စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် ရှခွလေးကျေးရွာက အသက် ၃ နှစ်ကျော်မိန်းကလေး ၁ ဦးနဲ့ အမျိုးသား ၁ ဦး၊ ကမ်းပျိုရွာက အမျိုးသား ၁ ဦး၊ တင်ငုတ်ပြင်ရွာက အသက် ၄၀ ကျော်အမျိုးသား ၁ ဦးနဲ့ ညောင်ပင်တိုက်ရွာက ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ကျေးရွာ ၆ ရွာထက်မနည်းက အရပ်သား ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဗုံးကြဲခံရပြီးနောက် စစ်ကော်မရှင်ရဲ့လေကြောင်းအန္တရာယ်ကြောင့် ပေါက်မြို့နယ်အရှေ့ပိုင်းက ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ကျေးရွာပြင်ပကို တိမ်းရှောင်နေထိုင်နေရတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက်ကလည်း ပေါက်မြို့နယ်၊ စဖဲကျေးရွာဆေးပေးခန်းကို စစ်ကော်မရှင်တပ်က တိုက်ခိုက်ရေးဗုံးကြဲလေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဆေးခန်းလာပြသူ အရပ်သား ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။