SNA ကျင်းပတဲ့‌ ဘောလုံးပွဲမှာ ပစ်ခတ်မှုဖြစ်ပြီး ဘောလုံးပွဲအားပေးတဲ့ ဒေသခံ ၁ ဦး ကျည်ထိမှန်လို့ အူဖြတ်လိုက်ရ

0 5
0 5

ဟုမ္မလင်း၊ မတ် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်၊ နန့်တောရွာက ရှမ်းနီအမျိုးသားတပ်-SNAက ကြီးမှူးကျင်းပတဲ့ ဘောလုံးပြိုင်ပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၁ ဦး ကျည်ထိမှန်ကာ အူဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

မတ်လ ၅ ရက် ညနေ ၄ နာရီအချိန်က SNA ၇၅၃ တပ်က ကျင်းပတဲ့ဘောလုံးပြိုင်ပွဲမှာ ဘောလုံးပွဲအားပေးတာကနေ SNA တပ်အရာရှိ ၁ ဦးရဲ့တပည့်ဖြစ်သူက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဘောလုံးပွဲလာကြည့်တဲ့ နန့်တောဒေသခံ အရပ်သား ၁ ဦး သေနတ်ကျည် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့မှာ SNA က လက်နက်တွေနဲ့ လုံခြုံရေးယူတယ်။ ဘောလုံးပွဲအားပေးရင်း အော်ကြဆဲကြပေါ့။ အဲ့ဒါကို အော်ပြီးအားပေးလို့ဆိုပြီး SNA က အရာရှိ စိုးလပြည့်က သူ့တပည့်ကျော် မွေးနီကို သေနတ်နဲ့ပစ်ခိုင်းတာ။ အဲ့ဒီမှာ ရွာသားတယောက် သေနတ်မှန်တာ။ ထိတော့ အပြင်ကိုထမ်းပြီး သယ်ထုတ်သွားတယ်။ ပွဲပျက်မခံဘူးလေ” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဘောလုံးပွဲအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သူ နန့်တောရွာဒေသခံ စောက်ချမ်းဆိုသူဟာ ဝမ်းဗိုက်ကို ကျည်ထိမှန်တာကြောင့် အူဖြတ်လိုက်ရပြီး လက်ရှိမှာ ဆေးရုံတက်ကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

SNA က ကျင်းပတဲ့ ဘောလုံးပွဲဟာ နန့်တောရွာအပါအဝင် ဒေသတွင်း အေးချမ်းသာယာကြောင်း ပြသဖို့ ကျင်းပခဲ့တဲ့ ဘောလုံးပွဲဖြစ်ပြီး ပွဲစဉ်တွေအတွင်း ပစ်ခတ်မှုဖြစ်ခဲ့ပေမယ့် ပွဲရပ်နားခြင်းမရှိဘဲ ပြီးဆုံးတဲ့အထိ လုပ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

နန့်တောဒေသဟာ စစ်အာဏာသိမ်းစ ကာလတွေမှာ ဟုမ္မလင်းမြို့နယ်အတွင်း သပိတ်အင်အား အကောင်းဆုံးရွာကြီး ဖြစ်ခဲ့ပြီး၊ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစတင်လို့ ရှမ်းနီ SNA တပ်တွေ ဝင်ရောက်ခဲ့ကာ အခုလက်ရှိမှာ SNA တပ်တွေ အခိုင်မာတပ်စွဲထားတဲ့ ဒေသတခု ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်တဝိုက်မှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမပတ်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေပြည်အေးတိုက်ပွဲမှာလည်း SNA တပ်ဘက်က သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။