myaelatt athan

Sharing Information to the Local

စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ကားတန်းတွေပေါ် ဗုံးကြဲလို့ ဆီဘောက်စာကား ၃ စီးမီးလောင်ပြီး ဒေသခံ ၁၀ ဦးသေဆုံး

0 88
0 88

စစ်ကိုင်း၊ ဩဂုတ် ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာမြောက်ဘက်လမ်းခွဲတနေရာကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်လက်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဆီဘောက်စာကားတွေတွေမီးလောင်ပြီး လူဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၄ Bo Tiger ဆီက သိရပါတယ်။

ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီလောက်မှာ အဆိုပါလမ်းခွဲတနေရာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၁၅၀ ဗုံး ၃ လုံးကြဲချပြီး စက်လက်တွေနဲ့ပစ်ခတ်တာလို့ ဆိုပါတယ်။

“စစ်ကောင်စီစစ်ကြောင်းက စဉ့်ကိုင်မှာရှိတာ၊ စစ်ကြောင်းတွေ ထွက်ပေါက်ရှာပြီးတော့ ပြည်သူတွေရဲ့ ကားတန်းတွေကို ပစ်သွားတာ၊ ဆီကား ၃ စီးမီးလောင်ပျက်စီးသွားတယ်၊ ပြည်သူတွေလည်း တော်တော်များများသေဆုံးမှုတွေနဲ့ ဒဏ်ရာရသူတွေလည်းရှိတယ်၊ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုက်ခိုက်မှုလုပ်ပြီးတော့ စက်လက်နဲ့ကို ပစ်သွားသေးတယ်” လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၄ Bo Tiger ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆီဘောက်စာကား ၃ စီးမီးလောင်ကာ ခရီးသွား ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရတယ်လို့ ကနဦးသိရတယ်လို့ ဆိုပါတယ်။

ခုဗုံးကြဲခံရတဲ့နေရာဟာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတဲ့ စဥ့်ကိုင်မြို့နယ်နဲ့ ၁ မိုင်ခွဲကွာဝေးပြီး စစ်ကြောင်းကြောင့် ကားတွေပိတ်မိနေတာ ၁၀ ရက်ရှိနေပြီလို့ သိရပါတယ်။

“ခရီးသွားကားသမားတွေ တော်တော်များများဒုက္ခရောက်နေတာ၊ စစ်ရေးကြောင့် ပိတ်ဆို့ခံထားရတာ၊ ကားတွေလည်း စုတ်ပြတ်သတ်လို့ပါ၊ ပိတ်မိနေတဲ့ကားက ၁၀၀ ကျော်လောက်ရှိတယ်၊ စစ်ကိုင်း-မန္တလေး ခရီးသွားပြည်သူတွေပါ၊ တိုက်ပွဲကမရှိဘူး၊ သက်သက်မဲ့ကိုပစ်တာ၊ ၄၀ လောက်ဒဏ်ရာရတာရှိတယ်၊ သေဆုံးတာက ၁၀ ဦးလောက်ရှိတယ်၊ ကားသမားတွေထဲက မိသားစုဝင်တွေသေတာလည်းရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရတဲ့ပြည်သူတွေကို ဆေးဝါးကုသမှုလုပ်ပေးနေပြီး သေဆုံးအလောင်းတွေကိုတော့ တိုက်ခိုက်ခံရတဲ့နေရာမှာပဲသင်္ဂြိုဟ်နေတယ်လို့ သိရပါတယ်။

သတင်း – ဒိန်းဂျား၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။