နန်မွန်းတားရွာဘုရားကျောင်းကို ဗုံးကြဲကာလေယာဉ်ပစ်ကူနဲ့တပ်ပြန်ဆုတ်
မြေလတ်အသံ၊ သြဂုတ် ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က တော်လှန်ရေးစိုးမိုးနယ်မြေဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးနဲ့ PDF ၅ ဦးသေဆုံးခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက (သြဂုတ် ၁၁ရက်)ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
ရန်ငြိမ်းအောင်ရွာ၊ စစ်ကောင်စီတပ်စခန်းရှိ ခလရ-၂၂၈ နဲ့ပြည်သူ့စစ် ပူးပေါင်းအင်အား ၈၀ ခန့်က နန်မွန်းတားကျေးရွာကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် သြဂုတ် ၅ ရက်ကနေ ၇ ရက်နေ့အထိ ၃ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၈ ရက်နေ့မှာ ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“သြဂုတ် ၉ ရက်ကနေ ၁၁ ရက်ဒီကနေ့အထိ စကစဘက်က ပြန်ပြီးထိုးစစ်ဆင်လာတာ လုံးဝမရှိတော့ပါဘူး။ လောလောဆယ်အနေအထားကတော့ တည်ငြိမ်နေတယ်လို့ ပြောလို့ရပါတယ်”လို့ တမူးမြို့နယ်က တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှလက်နက် ၉ လက်၊ ခဲယမ်းအချို့နဲ့ အလောင်း ၆ လောင်းတို့ကို သိမ်းဆည်းရမိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၅ ဦးကျဆုံးကာ လက်နက် ၃ လက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် တပ်ပြန်ဆုတ်ခွာနိုင်ဖို့အတွက် ဩဂုတ် ၈ ရက်နေ့မှာ နန်မွန်းတားရွာဘုရားကျောင်းကို Yak-130 ၁ စီးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သလို MIG-29 ၁ စီးနဲ့ Cluster ဗုံးကြဲချ တိုက်ခိုက်ခဲ့ကာ OWA အသေခံဒရုန်း အမျိုးအစားတွေကိုလည်း အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီတိုက်ပွဲကို တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ က လေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA၊ CNA တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စာတည်း – မြတ်